ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ရန်ကုန်က ဘားစီးနင်းမှုမှာ အဖမ်းခံရသူတွေထဲ တရားသူကြီးနဲ့ စစ်ဗိုလ်ပါ၀င်

ရန်ကုန်နဲ့ ပြင်ဦးလွင်မှာ နေအိမ်ဖောက်ထွင်းခိုးယူမှု လေးခုထက်မနည်းဖြစ်ပွားတဲ့သတင်းအပါအဝင် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အောက်တိုဘာလ တစ်လအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ နေအိမ်ဖောက်ထွင်းခိုးယူမှုနဲ့ ဆက်စပ်ဖြစ်စဉ် လေးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့က ဖြစ်စဉ်တစ်ခုမှာတော့ လူသေဆုံးမှုပါ ဖြစ်ပွားခဲ့ပါတယ်။
  • အားကောင်းသောမုန်တိုင်းငယ် ၇၂ နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး ဒီကနေ့စလို့ အောက်တိုဘာ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသ ၁၁ ခုမှာမိုးကြီးနိုင်
  • တောင်ဥက္ကလာပက KTV စီးနင်းမှုမှာ အဖမ်းခံရသူ ၃၀ ကျော်ထဲ မြို့နယ်အဆင့် တွဲဖက်တရားသူကြီး နှစ်ဦးနဲ့ ဗိုလ်မှူးတစ်ဦး ပါ၀င်
  • နေပြည်တော်မှာ ဆိုကရေးတီးကြိုပို့ စစ်ကားမီးလောင် ၊ တစ်ရက်တည်း နေပြည်တော်မှာ မီးလောင်မှု ၃ ခုဖြစ်
  • ဖူးခက်ကျွန်းမှာ ရုတ်တရက် မိုးများပြီး ရေကြီး မြေပြို
  • ထိုင်းဘက်ကို လက်နက်ကြီးကျည် ထပ်ကျရင် ပစ်တဲ့အဖွဲ့ကို လက်တုံ့ပြန်မယ်လို့ ထိုင်းစစ်တပ်သတိပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကုလရဲ့မြန်မာ့လူ့အခွင့်အရေးအစီရင်ခံစာကို နေပြည်‌တော်ကန့်ကွက်

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာဟာ ဘက်လိုက်ပြီး အချက်အလက်တွေ မှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ နေပြည်တော်က ကန့်ကွက်ပယ်ချလိုက်ပါတယ်။

    အစီရင်ခံစာကို သက်ဆိုင်ရာနိုင်ငံရဲ့သဘောတူညီချက်မပါဘဲ အတည်ပြုတာဟာ အချုပ်အခြာအာဏာတန်းတူညီမျှမှုနဲ့ ဘက်လိုက်မှု ကင်းရှင်းရေးမူတွေကို ထိခိုက်စေတယ်လို့ ဝေဖန်ထားပါတယ်။

    ဒါကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အစီရင်ခံစာတစ်ခုလုံးနဲ့ အဲဒီထဲက အချက်အလက်တွေအပေါ် သဘောမတူကြောင်း၊ အစီရင်ခံစာကို ကန့်ကွက်ပယ်ချကြောင်း ကြေညာတယ်လို့ဆိုပါတယ်။

    အဲဒီအစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ ကာလအတွက် ပြုစုထားတာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ဆွေးနွေးဖို့ တင်သွင်းခဲ့တာလို့ အဲဒီတုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အစီရင်ခံစာဟာ အစိုးရဆန့်ကျင်တဲ့အဖွဲ့တွေရဲ့ပြောဆိုချက်တွေနဲ့ ပြင်ပမီဒီယာတွေရဲ့ အချက်အလက်တွေကို အဓိက ကိုးကားထားပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အစိုးရရဲ့ကြိုးပမ်းမှုတွေကို လျစ်လျူရှုထားတယ်လို့လည်း စွပ်စွဲထားပါတယ်။

    လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရာမှာ အစိုးရက ခွဲခြားမှုမရှိဘဲ ဆောင်ရွက်နေပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ တုံ့ပြန်ချက်မှာ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ကုလသမဂ္ဂအဖွဲ့အစည်း ၁၇ ခုက နိုင်ငံတကာဝန်ထမ်း ၂၇၆ ဦးနဲ့ မြန်မာဝန်ထမ်း ၇,၆၂၆ ဦးတို့ကို အသုံးပြုပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြောပြီး ကုလသမဂ္ဂအေဂျင်စီတွေရဲ့စီမံကိန်း ၄၃ ခုနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်း ၈၈ ခုကိုလည်း ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကရင်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းဒေသတွေက မြို့နယ် ၂၀ ကျော်မှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

    နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တားဆီးနှိမ်နင်းဖို့ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ပြစ်မှုကျူးလွန်သူ ၉၉ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားတွေဖြစ်တယ်လို့ စုံစမ်းစစ်ဆေးချက်တွေက ဖော်ပြကြောင်း နေပြည်တော်က ဆိုပါတယ်။

    ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက်အထိ နိုင်ငံပေါင်း ၅၉ နိုင်ငံက နိုင်ငံခြားသား ၇၃,၀၈၅ ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

    အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ လွှတ်တော်က အတည်ပြုခဲ့တယ်ဆိုတဲ့တုံ့ပြန်ချက်ကိုလည်း ဖော်ပြထားပါတယ်။

    ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို အသုံးပြုဖို့ စီစဉ်တာဟာ တရားမဝင် မိုဘိုင်းဖုန်းတင်သွင်းမှု၊ ခိုးယူမှုနဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုတဲ့ ရာဇဝတ်မှုတွေကို တားဆီးဖို့ဖြစ်ပြီး ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ချိုးဖောက်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

    ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာပါ ဖော်ပြချက်တွေကိုလည်း ကန့်ကွက်တယ်လို့ နေပြည်တော် နိုင်ငံခြားရေး၀န်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

    “ရိုဟင်ဂျာ” ဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်းနဲ့ နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ဆောင်ရွက်နေကြောင်း တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာသွားသူတွေထဲက ပြန်လည်ဝင်ရောက်ခွင့်အတွက် စိစစ်အတည်ပြုနိုင်သူတွေကို လက်ခံဖို့ ကတိပြုထားတယ်ဆိုတဲ့အချက်ကို ထုတ်ပြန်ချက်ထဲ ပြောပါတယ်။

    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ကတော့ မြန်မာမှာ အိမ်တွေ၊ကျောင်းတွေနဲ့ဆေးရုံတွေလို အရပ်သားနေရာတွေ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခံနေရတာ၊ ဥပဒေမဲ့ဖမ်းဆီးမှုလို ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်လို့ သူတို့ရဲ့ မကြာသေးခင်တုန်းကတွေ့ရှိချက်မှာ ဖော်ပြပါတယ်။

    IIMM အဖွဲ့ဟာ ဒီတွေ့ရှိချက်တွေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်သေနဲ့ ရင်းမြစ်ပေါင်း ၁,၆၀၀ ကိုစုစည်းခဲ့တယ်လို့ အစောပိုင်းကတည်းက ပြောပါတယ်။

  2. အရေးပေါ်ကျန်းမာရေးကြောင့် အီရန်သင်္ဘောသား ၄၀ ကို ပင်လယ်ပြင်ကနေ သီရိလင်္ကာကယ်ဆယ်

    ကျန်းမာရေးအရေးပေါ် အခြေအနေကြောင့် အီရန်နိုင်ငံသား သင်္ဘောသား ၄၀ ကို ဆေးကုသရေးနဲ့ နေရပ်ပြန်ပို့ရေးအတွက် နိုင်ငံ့ကမ်းလွန် နိုင်ငံတကာရေပိုင်နက်မှာ ကယ်ဆယ်ရေးလုပ်ခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။

    “အရေးပေါ် ဆေးအကူအညီလိုအပ်တယ်ဆိုပြီး” အီရန်သင်္ဘောတွေဆီကနေ အရေးပေါ် အကူအညီတောင်းခံချက် ထွက်ပေါ်လာရာကနေ ကယ်ဆယ်ရေးစခဲ့တာလို့ ဝန်ကြီးဌာန ပြောခွင့်ရသူ သူသျှာရာ ရော့ဒရီဂိုက ဘီဘီစီ ဆင်ဟာလာဌာနကို ပြောပါတယ်။

    ကယ်ဆယ်ရေးလုပ်ငန်းကို ကိုလံဘိုမြို့မှာရှိတဲ့အီရန်သံရုံးက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

    အီရန်သင်္ဘောတွေဟာ အမေရိကန် ရေတပ်ရဲ့ပိတ်ဆို့တားဆီးမှုကြောင့် ပင်လယ်ပြင်မှာ သောင်တင်နေကြတာ ဖြစ်ပါတယ်။ သီရိလင်္ကာကတော့ ဒီပဋိပက္ခမှာ ကြားနေ ရပ်တည်တယ်လို့ အလေးပေး ပြောဆိုထားပေမဲ့ နိုင်ငံတကာဥပဒေအရ တာဝန်တစ်ရပ်အဖြစ် အီရန်သင်္ဘောသားတွေကို တစ်ခါတစ်ရံ အကူအညီပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ဘီဘီစီ ဆင်ဟာလာဌာနရဲ့သတင်းတစ်ပုဒ်မှာ သီရိလင်္ကာနိုင်ငံအနီး နိုင်ငံတကာရေပိုင်နက်အတွင်း အီရန်သင်္ဘော ၂၁ စီး ရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။

    ကယ်ဆယ်ခံခဲ့ရတဲ့ သင်္ဘောသား ၄၀ ဟာ မတူညီတဲ့ သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ပေမဲ့ သူတို့ဟာ သင်္ဘော ဘယ်နှစီးက လာကြတာလဲဆိုတဲ့ အချက်အလက်ကို သီရိလင်္ကာအာဏာပိုင်တွေမှာ မရှိဘူးလို့ ရော့ဒရီဂိုးက ပြောပါတယ်။

    သင်္ဘောသားတွေကို ကမ်းပေါ် ခေါ်ဆောင်လာပြီး ဆေးကုသမှုခံယူဖို့ ကိုလမ်ဘိုကို ပို့ဆောင်ခဲ့ပြီးနောက် စနေနေ့ညမှာ လေယာဉ်နဲ့ အီရန်နိုင်ငံကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့လည်း သူက ထပ်ပြောပါတယ်။

    ဒေသခံ သင်္ဘောဝန်ဆောင်မှု ကုမ္ပဏီတွေ အပါအဝင် အဖွဲ့အစည်း အများအပြားဟာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

    အီရန်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဖေဖော်ဝါရီလအတွင်း အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

    အီရန်ကလည်း အစ္စရေး၊ အမေရိကန်စစ်အခြေစိုက်စခန်းတွေ၊ ပင်လယ်ကွေ့ဒေသက မဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့သလို နိုင်ငံတကာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။

    ဆွေးနွေးညှိနှိုင်းမှုတွေ ရပ်တန့်နေချိန်မှာ နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

    သီရိလင်္ကာနိုင်ငံကတော့ ဒီပဋိပက္ခမှာ ဘက်မလိုက်တဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပြီး အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးရဲ့ စစ်ရေးအသုံးပြုခွင့် တောင်းဆိုချက်တွေကို ပယ်ချခဲ့သလို နှစ်ဖက်စလုံးကိုလည်း တွေ့ဆုံဆွေးနွေးရေးကို ဦးစားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဒါ့အပြင် ပဋိပက္ခအတွင်း ပိတ်မိနေတဲ့ အီရန်သင်္ဘောတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်တွေအရ အကူအညီပေးဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

  3. ထိုင်းဘက်ကို လက်နက်ကြီးကျည် ထပ်ကျရင် ပစ်တဲ့အဖွဲ့ကို လက်တုံ့ပြန်မယ်လို့ ထိုင်းစစ်တပ်သတိပေး

    မြန်မာဘက်ခြမ်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ခြမ်းကို ထပ်ကျရင် ပစ်တဲ့နေရာနဲ့ အဖွဲ့အစည်းကို တုံ့ပြန်သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က မြန်မာဘက်ခြမ်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံး ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့အပြီးမှာ ထိုင်းစစ်တပ်က ဒီနေ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    မြ၀တီမြို့တောင်ပိုင်းက ထိုင်း -မြန်မာနယ်စပ်က အခြေအနေကြောင့် ထိုင်းစစ်တပ်က နယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လုံခြုံရေးတိုးမြှင့်ထားတာဖြစ်ပါတယ်။

    မကြာသေးခင်က တာ့ခ်ခရိုင်အခြေစိုက် ထိုင်းစစ်တပ်ရဲ့ဗျူဟာမှူး အပြောင်းအလဲလုပ်ပြီးတဲ့နောက် ထိုင်းစစ်တပ်ရဲ့အခုလိုပြောဆိုချက် ထွက်လာတာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို‌ ပြောပါတယ်။

    “ထိုင်းအာဏာပိုင်တွေကတော့ သူတို့ဘက်ကို ကျလာတဲ့ကျည်တွေက ဘယ်သူက၊ ဘယ်အဖွဲ့အစည်းက လုပ်တာလည်း ဆိုတာ မသိဘူး။ ဘယ်အဖွဲ့အစည်းကို တုံ့ပြန်ရမလဲမသိဖြစ်နေတာတဲ့။ အဲဒါကြောင့် အခုလိုပြောတာ ထင်တယ်” လို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    မြန်မာနယ်စပ်က အခြေနေတွေကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု မကြာခဏဖြစ်နေတဲ့ဖြစ်စဉ်တွေကို ဖြေရှင်းဖို့ ထိုင်းစစ်တပ်က အဆင့်ဆင့်လုပ်မယ့် အစီအမံ ၄ ရပ် ကိုလည်းချမှတ်ထားပါတယ်။

    ထိုင်းစစ်တပ်ကတော့ မြန်မာဘက်က ကျည် ထပ်ကျလာရင် ထိုင်းစစ်တပ်အနေနဲ့ စစ်ဖက်ဆိုင်ရာလုပ်ထုံးလုပ်နည်း(Rules of Engagment) အတိုင်းတုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

    အရင် ဆုံးသတိပေးတဲ့အနေနဲ့ မီးခိုးဗုံးတွေနဲ့ ပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။ တကယ်လို့ ထိုင်းနိုင်ငံသားတွေရဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ပစ်ခတ်လာရင်တော့ သင့်တော်တဲ့တန်ပြန်အစီအမံတွေနဲ့ တိုက်ပွဲရပ်ဖို့ ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။

    အဲဒီထဲမှာ လုံခြုံရေးအင်အားတိုးချဲ့တာတွေ၊ စစ်ဆေးရေးဂိတ်တွေ ပိုချတာ၊ မိုအိ(သောင်ရင်း) မြစ်တလျှောက် မြေပြင်နဲ့ ရေပြင်မှာ ကင်းလှည့်တာတွေ လုပ်မယ့်အပြင် အခြေအနေတွေကို ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ အနီးကပ်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

    နောက်ပြီး သံတမန်ရေးအရဆိုရင်လည်း ဒီလိုဖြစ်စဉ်တွေထပ်ဖြစ်တာနဲ့ မြန်မာ စစ်တပ်ဘက်ကို နှစ်နိုင်နယ်စပ်ကော်မတီကတဆင့် ချက်ချင်းဆက်သွယ်မယ်လို့ ဆိုပါတယ်။

    ထိုင်းစစ်တပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် ဆန့်ကျင်ကန့်ကွက်ကြောင်း နဲ့ ထိခိုက်မှုတွေအတွက် မြန်မာအစိုးရဘက်က တာဝန်ယူဖို့ တောင်းဆိုသွားမယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

    မိုအိမြစ်ကြောင်းတလျှောက်မှာနေတဲ့ ထိုင်းနိုင်ငံသားတွေအတွက်လည်း ဗုံးခိုကျင်းတွေ ဆောက်လုပ်ပေးသွားမှာဖြစ်သလို၊ ထိခိုက်နစ်နာခဲ့သူတွေအတွက်လည်း လျော်ကြေး ပေးသွားမယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့ မြန်မာစစ်ရှောင်တွေကိုလည်း သတ်မှတ်ထားတဲ့ နေရာမှာခိုလုံခွင့်ပေးသွားမှာဖြစ်သလို စစ်ရှောင်တွေထဲ လက်နက်တွေပါ၊ မပါကိုလည်း တင်းတင်းကြပ်ကြပ်စစ်ဆေးသွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

  4. ရုရှားစစ်သားစုဆောင်းရေးတပ်ထဲက လွတ်မြောက်လာတဲ့ မြန်မာလုပ်သားတွေ

    စစ်မှုထမ်းနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာက လူငယ်တွေ ပြည်ပထွက်ခွာဖို့ ရရာနည်းလမ်းနဲ့ ကြိုးပမ်းကြချိန်မှာ နေပြည်တော်နဲ့ ဆက်ဆံရေးနီးကပ်တဲ့ ရုရှားနိုင်ငံကလည်း ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။

    ၂၀၂၆ ခုနှစ်အောက်တိုဘာလဆန်းပိုင်းမှာတော့ မြန်မာက ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃ ခုကနေ စေလွှတ်လိုက်တဲ့ လုပ်သား ၁၉ ဦးဟာ ရုရှားစုဆောင်းရေးတပ်ထဲကို လှည့်ဖျားခေါ်ဆောင်ခံခဲ့ရပါတယ်။

    နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ မတ်လကတည်းက ရုရှားကို မြန်မာက လုပ်သားတွေ ရွေးချယ်စေလွှတ်နေခဲ့တာဖြစ်ပါတယ်။

    အောက်တိုဘာဖြစ်စဉ်ကတော့ နှစ်နိုင်ငံဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုချက်နဲ့မဟုတ်ဘဲ နှစ်နိုင်ငံအေဂျင်စီချင်း ညှိနှိုင်းလုပ်ဆောင်မှုကနေ မြန်မာလုပ်သားတွေ လှည့်ဖျားခေါ်ဆောင်ခံရတာလို့ နေပြည်တော်ရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    မြန်မာလုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲ ဘယ်လိုစုဆောင်းခံခဲ့ရလဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  5. ဖူးခက်ကျွန်းမှာ ရုတ်တရက် မိုးများပြီး ရေကြီး မြေပြို

    ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းမှာ မနေ့ညပိုင်းက မိုးများပြီး ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ခဲ့တယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    ဒီနေ့ မနက်ပိုင်းမှာလည်း ဖူးခက်ကျွန်းအနှံ့မိုးကြီးလို့ ပထုံနဲ့ ကမာလာဒေသတွေမှာ ကားလမ်းတွေ ရေကျော်တာနဲ့ နေအိမ်တွ၊ ဆိုင်တွေထဲ ရေ၀င်တာတွေ ဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ဖူးခက်မြို့ထဲက ဘန်ကောက်၊ ရာ၀ရတ်၊ ရနောင်းလမ်းမကြီးတွေ၊ သာခရမ်လမ်းဆုံနဲ့ ချောင်ဖအရှေ့ပိုင်းလမ်းတို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။

    ဖူးခက်ကျွန်းရှိတဲ့ ကပ္ပလီပင်လယ်အော် ကောင်းကင်က လေထုအခြေအနေကြောင့် ဖူးခက်နဲ့ အနီးနားခရိုင်တွေမှာ လာမယ့်ရက်တွေအတွင်း မိုးများမယ်လို့ ထိုင်းမိုးလေ၀သက သတိပေးချက်ထုတ်ခဲ့အပြီး အခုအခြေအနေ ဖြစ်လာတာပါ။

    နောက်ပြီး ဖူးခက်ကျွန်းက ပထုံဒေသမှာတော့ အဓိက လမ်းမကြီး ၂ ခု ရေလျှံလို့ နေရာအချို့မှာ ကားအသေးတွေဖြတ်သန်းသွားလို့မရတဲ့အထိ ရေကြီးခဲ့ပါတယ်။

    ကမာလာဒေသမှာလည်း ရေကြီးမှုဖြစ်ခဲ့ပါတယ်။

    ဖူးခက်ခရိုင် ပြန်ကြားရေးဌာနကတော့ မြေအနိမ့်ပိုင်း၊ မြစ်ချောင်းနဲ့ တောင်စောင်းတွေမှာ နေထိုင်သူတွေအနေနဲ့ ရေကြီး မြေပြိုနိုင်တဲ့အခြေအနေကို သတိထား ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

  6. နေပြည်တော်မှာ ဆိုကရေးတီးကြိုပို့ စစ်ကားမီးလောင်, ဘား မီးလောင်မှုမှာ လူ ၁ ဦးသေဆုံး

    နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ မနေ့က တစ်ရက်တည်း မီးလောင်မှု ၃ ခုမှာ လူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့လည်းရှိခဲ့တယ်လို့ အခြေနေသိရှိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က Excellent Unplugged Bar မှာ မနေ့ညနေပိုင်းက မီးလောင်မှုမှာ လူ ၁ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    “အသက် ၂၄ နှစ်အရွယ် စားပွဲထိုးကောင်လေး ဆုံးသွားတာ။ ၃ ဦးကတော့ အသက်ရှူကြပ်ပြီး နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံကို ရောက်သွားတယ်” လို့ သူကပြောပြပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ မီးလောင်မှုဖြစ်ခဲ့တဲ့ဘားကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

    မီးသတ်တပ်ဖွဲ့ကတော့ အဲဒီဘားမီးလောင်မှုကို မော်တော်ယာဉ် ၁၈ စင်းနဲ့ ၁၅ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပေမဲ့ လူထိခိုက်သေဆုံးမှု အခြေအနေကိုတော့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်က ဇမ္ဗူသီရိမြို့နယ်၊ ရေပန်းဥယျာဉ်အနီးမှာ မော်တော်ယာဉ် တစ်စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

    ဒါအပြင် မနေ့ ညနေ ၆ နာရီဝန်းကျင်အနီးမှာပဲ အဲဒီရေပန်းဥယျာဉ်အနီးမှာပဲ အဆို၊ အက၊ အရေး၊ အတီးအဖွဲ့ဝင် ၂၈ ဦး လိုက်ပါလာတဲ့ TATA အမှတ်တံဆိပ် စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးယာဉ် တစ်စီး မီးလောင်ခဲ့တယ်လို့လည်း နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီမီးလောင်မှုမှာတော့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့သိရပါတယ်။

    မနေ့က နေပြည်တော်၊ ဆင်ဖြူရှင်ခန်းမနဲ့ ပုဗ္ဗသီရိတပ်နယ်အားကစားခန်းမမှာ ၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲတွေ ကျင်းပခဲ့ပါတယ်။

    အဲဒီအခမ်းအနားတွေကို ဦးမင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

  7. တောင်ဥက္ကလာပက KTV စီးနင်းမှုမှာ အဖမ်းခံရသူ ၃၀ ကျော်ထဲ မြို့နယ်အဆင့် တွဲဖက်တရားသူကြီး နှစ်ဦးနဲ့ ဗိုလ်မှူးတစ်ဦး ပါ၀င်

    ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ၈ ရပ်ကွက်၊ စက်မှု ၆ လမ်းထဲက VIBE KTV မှာ အောက်တိုဘာ ၂၅ ရက် မနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ လူ ၃၃ ဦး ဖမ်းဆီးမိခဲ့တယ်လို့ ရဲသတင်းရင်းမြစ်ကပြောပါတယ်။

    စစ်တပ်ထောက်ခံသူတွေရဲ့တယ်လီဂရမ် ချန်နယ်တွေမှာ‌တော့ အဖမ်းခံရသူတွေထဲ မြို့နယ်အဆင့် တွဲဖက် တရားသူကြီး နှစ်ဦးနဲ့ ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦး ပါဝင်တယ်လို့ ရေးသားဖော်ပြပါတယ်။

    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် Operation 42 အဖြစ် ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။

    VIBE KTV အနီးမှာ နေထိုင်သူတစ်ဦးကတော့ "ရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်လာတာတွေ့လိုက်တယ်။ ဓာတ်ပုံတွေဘာတွေလည်း လာရိုက်သွားတာတွေတော့ တွေ့လိုက်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

    စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဖမ်းဆီးခံရသူတွေထဲမှာ ပဲခူးတိုင်း၊ အုတ်ဖိုနဲ့ ဖြူးမြို့နယ် တွဲဖက်တရားသူကြီး ၂ ဦးနဲ့ နေပြည်တော် အမှတ် ၂ တပ်မတော်သားဖွားမီးယပ်နဲ့ ကလေးဆေးရုံက ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ပါဝင်တယ်လို့ရေးပါတယ်။

    ဒီအချက်နဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    တပ်ထောက်ခံသူ တယ်လီဂရမ်တွေမှာတော့ ဆိုင်အပေါ်ထပ်က အခန်းသုံးခန်းကို စစ်ဆေးရာမှာ ကက်တမင်း၊ Happy Water၊ ဆေးခြောက်၊ အက်တက်စီဆေးပြားနဲ့ WY စိတ်ကြွဆေးပြားတွေကိုပါ ပူးပေါင်းအဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုင်တာဝန်ခံတွေဖြစ်တဲ့ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူ ၃၃ ဦးလုံးကို အမှုဖွင့်အရေးယူထားတယ်လို့လည်း တယ်လီဂရမ်ချန်နယ်တွေက ရေးပါတယ်။

    ဒီဖမ်းဆီးမှုနဲ့ပတ်သက်လို့ VIBE KTV ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်း‌ပေမဲ့ အဆက်အသွယ်မရသေးပါဘူး။

    တောင်ဥက္ကလာပမြို့နယ်ရဲစခန်းကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်း‌ပေမဲ့ လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

    ရန်ကုန်မှာ KTV နဲ့ ဖျော်ဖြေရေးနေရာတွေကို ညနက်ပိုင်းအထိမဖွင့်ဖိုနဲ့ မူးယစ်ဆေးရောင်း၀ယ် သုံးစွဲတာမရှိဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးအောင်နိုင်သူက လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီးနောက်မှာ ရဲရဲ့အခုလို စီးနင်းမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

  8. ဘရာဇီး ရွေးကောက်ပွဲ လူလာ အနိုင်ရ

    ဘရာဇီးနိုင်ငံရဲ့လက်ဝဲယိမ်း သမ္မတ လူလာ (Lula) ဟာ ပြိုင်ဖက် သမ္မတလောင်း ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) ကို မဲအနည်းငယ်နဲ့ကပ်ပြီး အနိုင်ရလို့ စတုတ္ထသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

    အသက် ၈၀ အရွယ် လူလာက ဆော်ပေါလိုမြို့တွင် ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာတော့ “ဘရာဇီးကို ဘယ်နိုင်ငံရဲ့အိမ်နောက်ဖေးဝင်းဖြစ်ဖို့ လက်မခံဘူး” လို့ ပြောပါတယ်။

    ဘရာဇီးရဲ့အခုတစ်ခေါက် ရွေးကောက်ပွဲဟာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ပါတယ်။

    ဘရာဇီးက အခုရွေးကောက်ပွဲရလဒ်ဟာ လက်တင်အမေရိကမှာ မဲဆန္ဒရှင်တွေ လက်ယာယိမ်းနိုင်ငံရေးဘက်ကို ကျယ်ကျယ်ပြန့်ပြန့် ပိုလှည့်လာနေတဲ့လမ်းကြောင်းနဲ့ ဆန့်ကျင်နေတယ်လို့ ဘီဘီစီ လက်တင်အမေရိက အယ်ဒီတာက ရေးပါတယ်။

    လက်ယာယိမ်း အထက်လွှတ်တော်အမတ် ဘိုလ်ဆိုနာရိုက ရွေးကောက်ပွဲရလဒ်ကို “နားမလည်နိုင်စရာ” လို့ ပြောဆိုပြီး ရလဒ် ဖျက်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

    သူဟာ အိမ်အကျယ်ချုပ် ချခံထားရတဲ့ သမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရို (Jair Bolsonaro) ရဲ့သားဖြစ်ပြီး ဒီလအစောပိုင်း ပထမအကျော့ မဲပေးမှုမှာ အနိုင်ရခဲ့ပါတယ်။

    ဘရာဇီးမှာ မဲဆန္ဒရှင်တွေ မဲပိုပေးနိုင်ဖို့ဆိုပြီး နှစ်ဖက် စည်းရုံးရေးအဖွဲ့တွေက တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် မဲရုံအချို့မှာ မဲပေးချိန်ကို နှစ်နာရီ ထပ်တိုးပေးခဲ့ပါတယ်။

  9. ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းအားကောင်းလာ၊ ဒေသအများအပြားမှာ မိုးကြီးနိုင်

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အောက်တိုဘာ ၂၅ ရက် ညနေမှာ အားကောင်းလာပေမဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိဘူးလို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

    မုန်တိုင်းဟာ အောက်တိုဘာ ၂၆ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး အောက်တိုဘာ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

    မုန်တိုင်းအရှိန်ကြောင့် မြန်မာမှာတေ့ာ အောက်တိုဘာ ၂၉ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာပြီး တချို့နေရာတွေမှာ မိုးကြီးနိုင်ပါတယ်။

    မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်တာကြောင့် ရေကြီး၊ ရေလျှံမှု၊ မြေပြိုမှုနဲ့ ပင်လယ်ပြင်အန္တရာယ်တွေကို သတိပြုကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

  10. အောက်တိုဘာလအတွင်း နေအိမ်ဖောက်ထွင်းခိုးယူမှု၊ဓားပြမှုနဲ့ လုယက်မှုတွေဆက်တိုက်ဖြစ်နေ

    ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တို့မှာ နေအိမ်ဖောက်ထွင်းခိုးယူမှုနဲ့ ဆက်စပ်ဖြစ်စဉ် လေးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့က ဖြစ်စဉ်တစ်ခုမှာတော့ လူသေဆုံးမှုပါ ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်တွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် ကောင်းခန့်တို့မိသားစုနဲ့ ဇာတ်မင်းသမီး နိုဘယ်လှိုင်တို့ရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရမှုတွေအပြင် မင်္ဂလာတောင်ညွန့်မြို့နယ်က လူသေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပြင်ဦးလွင်မြို့က အိမ်သုံးပစ္စည်းအများအပြား ခိုးယူခံရမှုတို့ ပါဝင်ပါတယ်။

    ရုပ်ရှင်သရုပ်ဆောင် ကောင်းခန့်တို့မိသားစုရဲ့ နေအိမ်ဟာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖိုးမြေရပ်ကွက်၊ ဖိုးမြေလမ်းမှာရှိပြီး မိသားစု ခရီးထွက်နေချိန်မှာ ကျူးလွန်သူတွေက အပေါ်ထပ်ဝရန်တာတံခါးသော့ကို ဖျက်ဆီးပြီး နေအိမ်အတွင်း ဝင်ရောက်ခိုးယူဖောက်ထွင်းခဲ့တာလို့ အနုပညာမီဒီယာအချို့ကိုဖြေကြားထားပါတယ်။

    သူ့ရဲ့ နေအိမ်နဲ့ အိမ်နီးချင်းအိမ်ရဲ့ အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကိုလည်း ဖျက်ဆီးခဲ့ပြီး အောက်တိုဘာ ၁၅ ရက်မှာ ခရီးကပြန်ရောက်လာချိန် နေအိမ်ဖောက်ထွင်းခံထားရတာကို တွေ့ရှိခဲ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီဖြစ်စဉ်မှာ ရှေးဟောင်းကြေးဘုရားဆင်းတုတော်တွေ၊ တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေ၊ မိသားစုအတွက် အစားထိုးပြန်လည်ရယူဖို့ မဖြစ်နိုင်တဲ့ အမှတ်တရပစ္စည်းတွေအပြင် တန်ဖိုးကြီးအိတ်တွေ၊ နာရီတွေနဲ့ ရေမွှေးတွေ ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    သရုပ်ဆောင် ကောင်းခန့်ကတော့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေးအတွက် အကူအညီပေးကြဖို့နဲ့ မျက်မြင်သက်သေရှိပါက သက်ဆိုင်ရာကို ဆက်သွယ်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

    အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က ဇာတ်မင်းသမီး နိုဘယ်လှိုင်ရဲ့ ရန်ကုန်မြို့ရှိ တိုက်ခန်းနေအိမ်လည်း အောက်တိုဘာလလယ်ပိုင်းမှာ ဖောက်ထွင်းခိုးယူခံခဲ့ရပါတယ်။

    နိုဘယ်လှိုင်နဲ့ မိခင်ဖြစ်သူတို့ဟာ ဖျော်ဖြေရေးအစီအစဉ်အတွက် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ကို ရောက်ရှိနေချိန်မှာ နေအိမ်ဖောက်ထွင်းခံခဲ့ရတာလို့ သူကိုယ်တိုင် ပြောကြားထားပါတယ်။

    အဲဒီဖြစ်စဉ်မှာ ငွေသား ကျပ်သိန်း ၄၂၀၊ ရွှေဆွဲကြိုးသုံးကုံး၊ လက်ကောက်တစ်ကွင်းနဲ့ မိဘအမွေအဖြစ် ရရှိထားတဲ့ ရွှေဆွဲကြိုးနဲ့ လော့ကတ်တစ်ခုတို့ ပျောက်ဆုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၆၀၀ ကျော်ရှိတယ်လို့ နိုဘယ်လှိုင်က မီဒီယာတချို့ကို ပြောထားပါတယ်။

    ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်မှာလည်း အောက်တိုဘာ ၂၁ ရက်က နေအိမ်နဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်အတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ရှိခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သူ့ရဲ့အဒေါ်ဖြစ်သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

    အဲဒီအမှုမှာတေ့ာ ကျူးလွန်သူတွေထဲက တစ်ဦးကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ ဓားတစ်ချောင်းနဲ့အတူ ဖမ်းဆီးခဲ့ပြီး ကျန်နှစ်ဦးကို အောက်တိုဘာ ၂၂ ရက် မှာ တောင်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် အနီးစခန်းလေဆိပ်အနီး၊ မြတ်မင်္ဂလာရပ်ကွက်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းဘေးက နေအိမ်တစ်အိမ်မှာလည်း အိမ်ရှင်မရှိချိန် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။

    အိမ်ရှင်ဖြစ်သူဟာ အောက်တိုဘာ ၇ ရက်မှာ နေအိမ်နဲ့ ခြံတံခါးတွေကို သော့ခတ်ပြီး မန္တလေးမြို့ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ နေအိမ်ကို ပြန်ရောက်လာချိန်မှ ဖောက်ထွင်းခိုးယူခံထားရတာကို သိရှိခဲ့ရတယ်လို့ အိမ်ရှင်နဲ့ဆွေမျိုးတော်စပ်သူ တစ်ဦးက လူမှုကွန်ရက်မှာ ရုပ်သံနဲ့ တင်ထားပါတယ်။

    ရုပ်သံပါ ပြောဆိုချက်အရ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေထဲမှာ ဘက်ထရီနဲ့ မီးစက်ဆိုင်ရာပစ္စည်းတွေ၊ ၅၂ လက်မ တီဗီနှစ်လုံး၊ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်၊ ကျွန်းပရိဘောဂနဲ့ ဆက်တီတွေ၊ စတီရီယိုနဲ့ ဒီဗီဒီစက်တွေ၊ မွေ့ယာတွေနဲ့ တန်ဖိုးကြီးရေမွှေးတွေ ပါဝင်ပါတယ်။

    နေအိမ်နဲ့ ခြံဝန်းအတွင်းက အိမ်သုံးပစ္စည်းအများအပြားလည်း ပျောက်ဆုံးခဲ့ပြီး အိမ်ရှင်က ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။

    တစ်လအတွင်း ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တွေမှာ အခုလို နေအိမ်ဖောက်ထွင်းခိုးယူမှုတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် ပြည်သူလူထုက သူတို့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

    ဒီဖြစ်စဉ်တွေက ရာဇဝတ်မှုတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်မှုနဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေအပေါ် မေးခွန်းထုတ်စရာ ဖြစ်‌နေတယ်လို့ဆိုကြပါတယ်။

    တဖက်မှာလည်း စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အောက်တိုဘာလအတွင်း ဆိုင်ဓားပြတိုက်မှုနဲ့ လက်နက်ကိုင်လုယက်မှု နှစ်မှုဖြစ်ပွားခဲ့ပါတယ်။

    အောက်တိုဘာ ၅ ရက် ညပိုင်းက မြို့ရှောင်လမ်းရှိ “မိတ်ဆွေ” အိမ်ဆောက်ပစ္စည်းဆိုင်ကို ဧည့်စာရင်းစစ်မယ်လို့ အကြောင်းပြပြီး ဝင်ရောက်ဓားပြတိုက်ခဲ့သူတွေထဲက နှစ်ဦးကို အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

    ဖမ်းဆီးခံရသူနှစ်ဦးထဲက တစ်ဦးဟာ ရှစ်တန်းကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။ ကျူးလွန်သူတွေဟာ ငွေသား၊ ဖုန်းနဲ့ KPay စကားဝှက်တွေ တောင်းယူခဲ့တယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းမှာလည်း စက်မှုဇုန် (၆) လမ်းရှိ “တိုးတိုးရှိန်” စတိုးဆိုင်ကို လက်နက်ကိုင်အမျိုးသားငါးဦး ဝင်ရောက်ခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ KPay နဲ့ Wave Pay အသုံးပြုတဲ့ ဖုန်းတစ်လုံးကို ယူဆောင်သွားခဲ့ပါတယ်။

    ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ဆိုင်ရှင်အမျိုးသမီးနဲ့ ကလေးငယ်တို့ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဆိုင်ဟာ အခုအကြိမ်အပါအဝင် သုံးကြိမ်တိုင် တိုက်ခိုက်ခံခဲ့ရပြီး ယခင်ဖြစ်စဉ်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးရဲ့ မိခင် ပြန်ပေးဆွဲခံခဲ့ရကာ ကျပ်သိန်း ၅၀၀ ပေးပြီး ပြန်လည်ရွေးယူခဲ့ရတယ်လို့ မြို့ခံတွေက ‌ပြောထားပါတယ်။

  11. မင်္ဂလာပါ။

    အောက်တိုဘာ ၂၆ ရက် နောက်ဆုံးရသတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။