တိုက်ရိုက်ထုတ်လွှင့်မှု, ဖမ်းထားသူကိုပြန်ရွေးဖို့ မိသားစုကို သိန်း ၂ ထောင်တောင်းတယ်ဆိုတဲ့ NUG ရဲ့စွပ်စွဲချက်ကို PLA ငြင်းဆို

NUG ရဲ့ စွပ်စွဲချက်ဖြစ်တဲ့ အရပ်သားဆီက သိန်းနှစ်ထောင် ငွေတောင်းခံတာ မရှိဘူးလို့ PLA ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကပြောတဲ့ သတင်းအပါအဝင် ဇွန်လ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

NUG ရဲ့ PLA အပေါ် စွပ်စွဲချက်ဖြစ်တဲ့ အရပ်သားကိုဖမ်းဆီးကာ ငွေတောင်းတယ်ဆိုတဲ့အချက်ကို PLA ပြောခွင့်ရငြင်းဆို

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဖမ်းထားသူကိုပြန်ရွေးဖို့ မိသားစုကို သိန်း ၂ ထောင်တောင်းတယ်ဆိုတဲ့ NUG ရဲ့စွပ်စွဲချက်ကို PLA ငြင်းဆို

    PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, PLA

    ဓာတ်ပုံ ပုံစာ, PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနား(ပုံဟောင်း)

    မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဖမ်းဆီးထားတဲ့အရပ်သားကို ပြန်ရွေးဖို့ မိသားစုကို သိန်း နှစ်ထောင်တောင်းခံခဲ့တယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ဟာ စွပ်စွဲချက်သာဖြစ်ပြီး မမှန်ကန်ဘူးလို့ PLA ပြောခွင့်ရသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

    ဒီအရပ်သားကို ပြန်လည်လွှဲပြောင်းပေးရေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဖြစ်စဉ်အနေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ မြင်းခြံခရိုင်တပ်ရင်းက ခရိုင်ထဲက ဆုတ်ခွာသွားပြီဖြစ်တဲ့ PLA စခန်းကို စီးနင်းခဲ့လို့ PDF ၄ ဦး မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ စာထုတ်ပါတယ်။

    အဲဒီထုတ်ပြန်ချက်ထဲ ဖမ်းဆီးထားတဲ့အရပ်သားကို ပြန်ရွေးဖို့ မိသားစုကို သိန်းနှစ်ထောင် ငွေတောင်းခံတယ်လို့ဆိုတဲ့ NUG ထုတ်ပြန်ချက်ကို PLA ဘက်က ဒီမနက်ပိုင်းမှာ ပြန်လည်တုံ့ပြန်တာဖြစ်ပါတယ်။ NUG ကတော့ PLA ဟာ တောင်သာမြို့နယ်က အရပ်သားအမျိုးသားတစ်ဦးကို မေ ၂၆ ရက်မှာ ဖမ်းဆီးပြီး ကား၊ ဆိုင်ကယ်နဲ့ ငွေသားတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ကို သူ့ အမျိုးသမီးက သိန်းနှစ်ရာ၊ ငါးရာနဲ့လာညှိတယ်။ ကျွန်တော်တို့ လက်မခံလို့ ပကဖ၊ ပအဖတွေဆီ တိုင်တန်းစာပို့တာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်က ငွေကြေးတောင်းခံတယ်ဆိုတဲ့အခြေအနေက မဟုတ်ပါဘူး” လို့ ကိုဝေယံဖြိုးမိုးကပြောပါတယ်။

    NUG ကတော့ PLA ဟာ ဒီအမျိုးသားကို သတ်ပစ်မယ်ခြိမ်းခြောက်တာကြောင့် သူ့အမျိုးသမီးက တောင်သာပလဖရုံးကို ဆက်သွယ်အကူအညီတောင်းလာတယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဖမ်းဆီးထားသူကို လွှတ်ပေးဖို့ ဇွန် ၁၈ ရက်မှာ NUG က စာပေးပို့သတိပေးပေမဲ့ ဇွန် ၁၉ ရက်မှာ ပြန်မလွှတ်ပေးနိုင်ဘူးလို့ PLA က အကြောင်းပြန်တယ်လို့ ဆိုပါတယ်။

    PLA ကတော့ သူတို့ဖမ်းဆီးထားတဲ့ အမျိုးသားဟာအရပ်သားမဟုတ်ဘဲ စစ်တပ်ကို သတင်းပေးတာကြောင့် လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေရတာဖြစ်တယ်လို့ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

    “ရဲဝန်ထမ်းချစ်ကိုဦးနဲ့ အမျိုးသမီးကိုဖမ်းဆီးရမိတဲ့ဖြစ်စဥ်တစ်ခုရှိခဲ့တယ်။ သူတို့ကိုလည်း တောင်သာပကဖကိုလွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်။ သူတို့ရဲ့ဝန်ခံထွက်ဆိုချက်အရရော ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့လှုပ်ရှားမှုတွေကို သတင်းပေးတယ်ဆိုတာ သူကိုယ်တိုင်ထွက်ဆိုထားတာလည်း ရှိတယ်” လို့ သူကပြောပါတယ်။

    ဒီအမျိုးသားကို PLA က ဇွန် ၂၂ ရက်မှာမှ တောင်သာမြို့နယ်၊ ဝဲလောင်းရွာနဲ့ ရွာသစ်ရွာကြားမှာ ဒဏ်ရာတွေနဲ့ သတိလစ်လျက် ပြန်တွေ့ပြီး သူ့ပိုင်ပစ္စည်းတွေကိုတော့ PLA က အပ်နှံတာမရှိဘူးလို့ NUG က ဆိုပါတယ်။

    NUG က ဝိုင်းဝန်းပိတ်ဆို့နေချိန်ဖြစ်တာကြောင့် လုံခြုံရေးအရဆုတ်ခွာရချိန်ဖြစ်တာကြောင့် ပစ္စည်းလွှဲပြောင်းဖို့ မဖြစ်နိုင်ခဲ့တာလို့ PLA ပြောခွင့်ရက ဒီအချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပါတယ်။

    ဇွန် ၂၂ ရက်မှာ NUG က PLA စခန်းတွေကို ဝင်ရောက်ချိန်မှာ အဲဒီတပ်ဖွဲ့က မိုင်းထောင်ခဲ့တာကြောင့် ရဲဘော် ၄ ဦး ကျဆုံးကာ အများအပြားဒဏ်ရာရတယ်လို့ မနေ့ညက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    PLA ကတော့ မိုင်း‌ထောင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စခန်းလုံခြုံရေးအရ မဖြစ်မနေ လိုအပ်လို့ လုပ်ထားတာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိမိုင်းထောင်ခဲ့တာမဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ထိခိုက်ကျဆုံးတဲ့ ရဲဘော်တွေအတွက် စိတ်ထိခိုက်ရတယ်လို့ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။ NUG ကတော့ PLA နဲ့ ပတ်သက်တဲ့ ပြည်သူ့တိုင်ကြားချက် နောက်ဆက်တွဲဖြစ်စဥ်တွေကို ဆက်ထုတ်ပြန်မယ်လို့ ဇွန် ၂၂ ရက်ညပိုင်းမှာ ပြောထားပါတယ်။

  2. မင်္ဂလာပါ။ ဇွန်လ ၂၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။