တိုက်ရိုက်ထုတ်လွှင့်မှု, မဲဆောက်မြို့ပေါ်က အွန်လိုင်းလောင်းကစားဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး၊ မြန်မာ ၂ ဦး အဖမ်းခံရ

မဲဆောက်မြို့ပေါ်က အွန်လိုင်းလောင်းကစားဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး၊ မြန်မာ ၂ ဦး အဖမ်းခံရ တဲ့ သတင်းအပါအဝင် ဇွန်လ ၂၄ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မဲဆောက်မြို့ပေါ်မှာ ဘတ်ငွေ ၇ သန်းနဲ့ လည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစားဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး၊ မြန်မာ ၂ ဦး အဖမ်းခံရ
  • ခရစ္စတီယာနို ရော်နယ်ဒိုက ကမ္ဘာဖလားပြိုင်ပွဲ ၆ ကြိမ်လုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကမ္ဘာ့ဖလား ခြောက်ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်သူ

    ဇွန် ၂၃ ရက်၊ ပေါ်တူဂီ နဲ့ ဥဇဘက်ကစ္စတန်ပွဲ မှာ ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဇွန် ၂၃ ရက်၊ ပေါ်တူဂီ နဲ့ ဥဇဘက်ကစ္စတန်ပွဲ မှာ ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

    ပေါ်တူဂီ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီကနေ့ ဥဇဘက်ကစ္စတန်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းမှာ နှစ်ဂိုးသွင်းယူခဲ့ပြီး၊ သူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြောက်ကြိမ်စလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

    ဒီပွဲမှာ ပေါ်တူဂီအသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၅-၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ပေါ်တူဂီရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဒီအာကွန်ဂိုအသင်းနဲ့ ပွဲမှာတော့ တစ်ဂိုးစီသရေကျခဲ့ပြီး ရော်နယ်ဒိုလည်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

    ရော်နယ်ဒိုနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ် မက်ဆီကတော့ အဖွင့်နှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး၊ လက်ရှိအချိန်အထိ သွင်းဂိုး ၅ ဂိုးနဲ့ ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေပါတယ်။

    မက်ဆီဟာ ဒီနှစ်အပါအဝင် ကမ္ဘာ့ဖလား ငါးကြိမ်မှာ ဂိုးသွင်းထားပါတယ်။

    ရော်နယ်ဒိုရော မက်ဆီပါ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နဲ့ ဒီနှစ် ၂၀၂၆ ကမ္ဘာ့ဖလားတွေမှာ ကစားခဲ့ပြီး ရော်နယ်ဒိုက ခြောက်ကြိမ်စလုံးမှာ ဂိုးသွင်းလို့ မက်ဆီကတော့ တောင်အာဖရိကမှာ လုပ်တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

    ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ စုစုပေါင်း ၁၀ ဂိုးသွင်းထားပြီး ပေါ်တူဂီအသင်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်လည်း ချိုးလိုက်ပါတယ်။

  2. မဲဆောက်မြို့ပေါ်က အွန်လိုင်းလောင်းကစားဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး၊ မြန်မာ ၂ ဦး အဖမ်းခံရ

    ဇွန်လ ၂၃ ရက်၊ မဲဆောက်မြို့လယ်က တိုက်ခန်းတစ်ခုမှာ လည်ပတ်နေတဲ့ အွန်လိုင်း လောင်းကစားဂိုဏ်းကို ဖမ်းဆီးခဲ့တဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Tak Immigration

    ဓာတ်ပုံ ပုံစာ, ဇွန်လ ၂၃ ရက်၊ မဲဆောက်မြို့လယ်က တိုက်ခန်းတစ်ခုမှာ လည်ပတ်နေတဲ့ အွန်လိုင်း လောင်းကစားဂိုဏ်းကို ဖမ်းဆီးခဲ့တဲ့ မြင်ကွင်း

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့လယ်က တိုက်ခန်းတစ်ခန်းမှာ လည်ပတ်နေတဲ့ အွန်လိုင်းလောင်းကစားဂိုဏ်းကို ဇွန်လ ၂၃ ရက် မှာ ထိုင်းအာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံသား နဲ့ မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းဆီးခဲ့တယ် လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန က ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံသား ၂ ဦး နဲ့ ထိုင်းနိုင်ငံသား ၇ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး အဲဒီလုပ်ငန်းမှာ ထိုင်းဘတ်ငွေ ၇ သန်းကျော် လည်ပတ်စီးဆင်းနေတယ်လို့ ဆိုပါတယ်။

    ထိုင်း၊ မြန်မာ နဲ့ တရုတ်နိုင်ငံသားတွေ က မဲဆောက်မြို့လယ်က တိုက်ခန်းတစ်ခန်းကို ကွန်ပျူတာ နဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့အတူ ပြောင်းရွှေ့လာတယ်ဆိုတဲ့ သတင်းရတာကြောင့် ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

    သူတို့ ၉ ဦးဟာ အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်ကို တာဝန်ယူဦးစီးရပြီး သုံးစွဲသူတွေ မေးမြန်းလာတာကို ဖြေကြားရတာ၊ ငွေသွင်း၊ ငွေထုတ်တာတွေကို တာဝန်ယူရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

    ကွန်ပျူတာ (Desktop) ၁၃ လုံး၊ လက်ပ်တော့ပ် ၇ လုံး၊ မိုဘိုင်း ဖုန်း ၃၃ လုံး၊ ဘဏ်စာအုပ် ၂၉ အုပ်၊ ATM ငွေထုတ်ကတ် ၂၆ ကတ် တို့ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနကဖော်ပြပါတယ်။

    ပြီးခဲ့တဲ့ ၃ လကျော်လောက်ကလည်း မဲဆောက်မြို့‌ပေါ်ကနေ မယ်တောင် ဘက်ကိုသွားတဲ့လမ်းမှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ CDM ဗိုလ်ကြီးတစ်ဦး ကို အလုပ်ရမယ်ဆိုပြီးလိမ်ခေါ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့သေးတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူက ဘီဘီစီကို ပြောပါတယ်။

    သူဟာ မဲဆောက်မြို့ကနေ မြဝတီဘက်ကို ကုန်တင်၊ ကုန်ချ လုပ်ရမယ်ဆိုပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဝေါလအနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုဆီကို လိမ်လည်ခေါ်ယူခံခဲ့ရတာလို့ ဘီဘီစီကို ပြောပါတယ်။

  3. မင်္ဂလာပါ။ ဇွန်လ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။