ရေဘေးသင့် 'လေးမျက်နှာမြို့'မှာ စက်သုံးဆီပြတ်လပ်နေလို့ ကယ်ဆယ်ရေးတွေအခက်ကြုံ
တာကျိုးပေါက်လို့ ရေကြီးနေတဲ့ လေးမျက်နှာမြို့နယ်မှာ စက်သုံးဆီရှားပါးပြတ်လပ်မှုတွေဖြစ်လို့ ကူညီကယ်ဆယ်ရေး စက်လှေတွေနဲ့ ကယ်ဆယ်ယာဥ်တွေအတွက် အခက်ကြုံနေရတယ်လို့ ပရဟိတအသင်းတွေက ဘီဘီစီကို ပြောပါတယ်။
ပရဟိတအသင်းတွေအနေနဲ့ စက်သုံးဆီလိုသလောက်ဝယ်ယူလို့ မရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လုပ်နိုင်ရေး စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နေပြည်တော်နဲ့ တိုင်းအစိုးရဘက်ကလည်း ပရဟိအသင်းတွေအတွက် စက်သုံးဆီခွဲတမ်းချပေးတာတွေတော့ ဒီနေ့အထိ မရှိသေးဘူးလို့ ပရဟိတအဖွဲ့တချို့ကပြောပါတယ်။
“အဓိကက Speed Boat တွေမောင်းနေရတာဆိုတော့ ဆီဝယ်ရတာ အခက်အခဲရှိတယ်။ အခုက QR နဲ့ ရောင်းနေတာဆိုတော့လေ။ ဒေသခံတွေက သူတို့ရဲ့ QR ကုဒ်တွေ ပေးပြီး ဝယ်နေရတာ။ အဆင်ပြေသလိုဝယ်နေကြတာ” လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူကပြောပါတယ်။
အခုဆို လေးမျက်နှာမြို့မှာ ရေဘေးကြုံနေရတာ ၄ ရက်မြောက်နေ့ ရှိလာသလို ပရဟိတအသင်းတွေ အတွက် စက်သုံးဆီ လိုအပ်မှုကလည်း ပိုပြီးမြင့်မားလာနေတယ်လို့ ဆိုပါတယ်။
“တစ်နေ့လုံး သွားနေရတာဆိုတော့ စက်သုံးဆီပြတ်လပ်တာတွေရှိတယ်။ အသင်းတွေအချင်းချင်း ချိတ်ဆက်ပြီး မျှပြီး သုံးနေရတာ” လို့ လေးမျက်နှာမြို့မှာကယ်ဆယ်ရေးလုပ်နေတဲ့ မန္တလေးမြို့အခြေစိုက်၊မဏိစလလူမှုကူညီရေးအသင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိ လေးမျက်နှာရေးဘေးမှာ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီ အပါအဝင် ကရင်ပြည်နယ်တို့က လူမှုကူညီကယ်ဆယ်ရေး ကယ်ဆယ်ရေးအဖွဲ့ ၃၀ ဝန်းကျင်လောက် ဝိုင်ဝန်း ကူညီပေးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တချို့က ထုတ်ပြောပါတယ်။
ဩဂုတ် ၁ ရက်အထိ စာရင်းတွေအရ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်လို့ လူ ၈,၃၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဧရာဝတီအတိုင်းအစိုးရအဖွဲ့က ဩဂုတ် ၂ ရက်မှာ ကြေညာထားပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ လေးမျက်နှာမြို့နယ်မှာ ဒီနေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။