ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၁၄ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - နအဖ စစ်အစိုးရလက်ထက်ကထက် အရည်အသွေးကောင်းတဲ့ နီလာအရိုင်းတုံးတွေ့ရှိတယ်လို့ နေပြည်တော်ပြော
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ နအဖ အစိုးရလက်ထက်တုန်းကထက် အရည်အသွေးပိုကောင်းပြီး ကျောက်ချိန်လည်း ပိုများတဲ့ နီလာကျောက်အရိုင်းတုံး တစ်တုံးကို ရရှိထားတယ်လို့ ဆိုပြီး နေပြည်တော်က သတင်းထုတ်လာပါတယ်။
ကာရက် ၇၁,၀၀၀ ကျော်ရှိတဲ့ နီလာအရိုင်းတုံးကို မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေကနေ တွေ့ရှိတာဖြစ်ပြီး ပုံဆောင်ခဲတစ်ခုကိုလည်း ရရှိတယ်လို့ ဆိုပါတယ်။
အဲဒီနီလာအရိုင်းတုံးနဲ့ ပုံဆောင်ခဲကို ၂၀၂၀ ခုနှစ်တုန်းက တွေ့ရှိခဲ့တာဖြစ်ပြီး နိုင်ငံတော်ကို လာရောက်အပ်နှံတာကြောင့် နေပြည်တော်မှာ သမ္မတ ရာထူး ယူထားတဲ့ ဦးမင်းအောင်လှိုင်က ဒီနေ့ ကြည်ရှုစစ်ဆေးခဲ့တာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
နီလာပုံဆောင်ခဲကတော့ ကာရက် ၁,၇၇၃ ကျော် (အလေးချိန် ၃၅၄ ဒသမ ကီလိုဂရမ်ကျော်)ရှိတယ်လို့ ဆိုပါတယ်။
နီလာအရိုင်းတုံးဟာ ရှာတွေ့ခဲတဲ့ အရွယ်အစားကြီး ကျောက်အရိုင်းတုံးဖြစ်ပြီး အပြာရင့်ရောင်နဲ့ အလင်းပေါက်မှုမှာလည်း အလင်းမှုန်အဆင့်သာရှိတဲ့သဘာဝနီလာဖြစ်တယ်လို့လည်း နေပြည်တော်က ပြောပါတယ်။
ထုတ်ပြန်ချက်တွေအရ မြန်မာမှာ ၂၀၀၉ ခုနှစ်က တွေ့ခဲ့တဲ့ နီလာအရိုင်းတုံးကတော့ ၅၉,၃၈၅ ကာရက်ရှိခဲ့တာကြောင့် အခုနီလာအရိုင်းတုံးက ကာရက် ၁၁,၀၀၀ ကျော် ပိုများနေတာဖြစ်ပါတယ်။
အခုသတင်းထုတ်ပြန်တဲ့ နီလာအရိုင်းတုံးနဲ့ ပုံဆောင်ခံကို နိုင်ငံတော်ကို လာရောက်အပ်နှံတာလို့ ဆိုပေမဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကနေ လာရောက်အပ်နှံလဲဆိုတာကိုတော့ နေပြည်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပါဘူး။
နေပြည်တော်ဟာ ပြီးခဲ့တဲ့မေလဆန်းတုန်းကလည်း မိုးကုတ်ကနေ ပတ္တမြားကြီးတွေ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
နဝတ/နအဖနဲ့ အရပ်သားအစိုးရလက်ထက်တွေမှာ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ ရှာဖွေတွေ့ရှိတယ်လို့ ထုတ်ပြန်ကြေညာလေ့ရှိပြီး အဲဒီကျောက်မျက်ရတနာတွေရဲ့ နောက်ဆက်တွဲသတင်းတွေကိုတော့ ဆက်ပြီး သိရှိရတာမရှိပါဘူး။
မန္တလေးတိုင်းထဲက တိုက်ပွဲတွေအတွင်း စစ်တပ် တပ်ရင်းမှူးအပါ ၁၈ ဦး သေဆုံး - PDF စစ်ရုံးချုပ်
မန္တလေးတိုင်းကနေ စစ်ကိုင်းအထက်ပိုင်းနဲ့ ကချင်ကို ဦးတည်တဲ့စစ်တပ်စစ်ကြောင်းတွေကို ပြောက်ကျားတိုက်ခိုက်ချိန် စစ်တပ်က တပ်ရင်းမှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၁၈ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF) စစ်ရုံးချုပ်က သတင်းထုတ်ပါတယ်။
အခုတိုက်ခိုက်မှုတွေကို မန္တလေးတိုင်းထဲက စစ်ဆင်ရေးနယ်မြေတွေမှာ မေလနဲ့ ဇွန်လ ပထမပတ်အထိ တစ်လကျော်အတွင်း ပြုလုပ်ခဲ့တာလို့လည်း PDF စစ်ရုံးချုပ်ရဲ့ဒီနေ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်တပ်ရဲ့အမှတ် ၄ လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ်ရဲ့တပ်မဟာမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ်အဆင့် ရှိသူတစ်ဦးနဲ့ နောက်ထပ် ဒုတိယတပ်မဟာမှူးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
PDF စစ်ရုံးချုပ်ကတော့ ထီးချိုင့်မြို့ စစ်ဆင်ရေးမှာ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ အမှတ် ၄ ခြေလျင်တပ်ရင်းရဲ့တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်အဆင့်ရှိသူတစ်ဦးတို့ကိုလည်း စစ်ဆင်ရေးနယ်မြေတစ်နေရာမှာ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ထီးချိုင့်မြို့ကိုတော့ စစ်တပ်က ၂၀၂၆ မတ်လထဲမှာ ပြန်သိမ်းခဲ့တာဖြစ်ပါတယ်။
မြင်းခြံခရိုင်အတွင်းမှာတော့ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်တပ်ရဲ့ ယာဉ် ၂ စီးလည်း မီးလောင်ပေါက်ကွဲခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။
မြင်းခြံခရိုင်ထဲမှာတော့ ဇွန်လ ဒုတိယအပတ်ထဲမှာပဲ နွားထိုးကြီးမြို့နယ်၊ ကံနှောင်းရွာက စစ်တပ်အင်အားဆယ်ချီတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ပြီးနောက် ဒီနေ့ ဇွန်လ ၁၄ ရက်အထိ နှစ်ဖက်တပ်ကြား စစ်ရေးဆက်တင်းမာနေပါတယ်။
စစ်တပ်ကလည်း နွားထိုးကြီး-မြင်းခြံလမ်းပိုင်းကို စစ်အင်အားဖြည့်တင်းတာတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ မန္တလေးတိုင်းထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မဲဆောက်နဲ့ ရနောင်းမြို့မှာ တစ်ပတ်ကျော်အတွင်း မြန်မာ ၂၀ နီးပါးဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခရိုင်ထဲက မဲဆောက်မြို့နဲ့ ရနောင်းခရိုင်ထဲက ရနောင်းမြို့တို့မှာ တစ်ပတ်အတွင်း မြန်မာ ၁၈ ဦးဖမ်းဆီးခံထားရတယ်လို့ ခရိုင်အာဏာပိုင်တွေက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဇွန်လ ၅ ရက်ကနေ ဇွန်လ ၁၂ ရက်နေ့အထိ တစ်ပတ်ကျော်အတွင်း ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှု၊ ဆေးလိပ်တွေ ဘူးထောင်ချီ တရားမဝင် သယ်ဆောင်မှုအပြင် နိုင်ငံထဲ တရားမဝင်နေထိုင်နေမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံလိုက်ရတာလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မဲဆောက်မြို့မှာ ဇွန်လ ၁၂ ရက်တုန်းက မယ်ပရပ်ကွက်အနီးမှာ မစ်ဆူဘီရှီ ပါဂျဲရိုး ကားအမျိုးအစားကို ထိုင်းရဲတပ်ဖွဲ့က ရှောင်တခင်စစ်ဆေးရာကနေ အခွန် မဆောင်ထားတဲ့ ဆေးလိပ်အလိပ် ၂၀ ပါတဲ့ ဘူးပေါင်း ၃,၀၀၀ တင်ဆောင်လာတာကိုတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဆေးလိပ်တင်ဆောင်လာတဲ့ ကားပေါ်မှာပါလာတဲ့ မြန်မာ ၂ ဦးကို တရားမဝင်ကုန်ပစ္စည်းတွေကို သယ်ဆောင်မှုနဲ့ ဖမ်းဆီးထားပြီး မဲဆောက်ရဲစခန်းမှာ အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အလားတူ ရနောင်းမြို့မှာလည်း ခရိုင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ်ထဲမှာ ဖမ်းဆီးခံရသူ ၁၆ ဦးရှိပြီး ၇ ဦးကတော့ မူးယစ်ဆေးဝါးအမှူနဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
နောက်ထပ် ၈ ဦးကတော့ တရားမဝင်လမ်းကြောင်းကနေ နိုင်ငံထဲဝင်လာတာနဲ့ အထောက်အထားမဲ့နေထိုင်နေတာတွေကြောင့်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်းမှာ တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်နေကြတဲ့ တရားမဝင် ရွှေ့ပြောင်း နိုင်ငံခြားသားတွေကို ရက်ပေါင်း ၁၂၀ (၃ လတာ) စစ်ဆေး ဖမ်းဆီးတဲ့ စီမံချက်အတွင်း လူသွားလူလာများတဲ့ လမ်းမကြီးတွေအပြင် မြန်မာတွေအနေများတဲ့ ရပ်ကွက်တွေ၊ နေအိမ်တွေနဲ့ တန်းလျားတွေမှာ အာဏာပိုင်တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေး၊ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ရွှေ့ပြောင်းမြန်မာအသိုင်းအဝိုင်းတွေဆီကနေ သိရပါတယ်။
လူသတ်မှုကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို လောက်ကိုင်မှာ ကိုးကန့် သေဒဏ်ပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ လူသတ်မှု ကျူးလွန်တယ်လို့ဆိုသူ ၄ ဦးကို မနေ့ ဇွန်လ ၁၃ ရက်မှာ သေဒဏ်စီရင်လိုက်တယ်လို့ ကိုးကန့်သတင်းကွန်ရက်က သတင်းထုတ်ပါတယ်။
အဲဒီ ၄ ဦးကို မြို့ခံလူထုကြား လှည့်လည်ပြသတာတွေ လုပ်ခဲ့ပြီးမှာ ကိုးကန့်မြို့ပေါ်က တုံချိန်ရပ်ကွက်မှာ သေနတ်နဲ့ သေဒဏ်စီရင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
နောက်ထပ် ပြစ်မှုကျူးလွန်တယ်လို့ဆိုပြီး ဖမ်းဆီးခံထားရသူ ၃ ဦးထပ်ရှိပြီး အဲဒီထဲက လူသတ်မှူကျူးလွန်တဲ့ တရားခံဆိုသူကို သေဒဏ်ချမှတ်ခဲ့သလို အဲဒီသေဒဏ်ကို ၂ နှစ်ဆိုင်းငံ့ထားမယ်လို့ အမိန့်ချလိုက်ပါတယ်။ ကျန် ၂ ဦးကိုတော့ ထောင်ဒဏ် ၇ နှစ်နဲ့ ၁၂ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။
ကိုးကန့်တပ်ဟာ သူထိန်းချုပ်တဲ့နယ်မြေထဲ လူသတ်မှုအပါအဝင် ရာဇဝတ်မှု ကျူးလွန်တယ်လို့ဆိုတဲ့ လူ စုစုပေါင်း ၉ ဦးကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သေဒဏ် စီရင်ခဲ့တယ်ဆိုတာကို ကိုးကန့်ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ သိမ်းယူခဲ့တဲ့ လောက်ကိုင်မြို့ကို ကိုးကန့် အထူးဒေသ ၁ ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပြီး အုပ်ချုပ်ရေးလည်ပတ်နေပါတယ်။
မေလ ၉ တုန်းကလည်း ကိုးကန့်တပ် အုပ်ချုပ်မှုအောက်က သိန္နီမြို့မှာ မူးယစ်ဆေးဝါးနဲ့ ခိုးမှုကျူးလွန်သူဆိုသူ ၅ ဦးကို ကိုးကန့်အာဏာပိုင်တွေက မြို့ထဲလှည့်လည်ပြသတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
နွားထိုးကြီးမှာ စစ်တပ်ဂိတ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီးနောက် ဒီနေ့ ဇွန်လ ၁၄ ရက်အထိ စစ်တပ်နဲ့ မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
"စစ်တပ်၊ ရဲ၊ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အင်အား ၅၀ လောက်ပေါင်းထိုင်တဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
မြင်းခြံခရိုင် အမှတ်၁ တပ်ရင်းကတော့ နွားထိုးကြီးနဲ့ မြင်းခြံလမ်းပိုင်း နွားထိုးကြီးအနောက်ဘက် ကံနှောင်းရွာမှာရှိတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၁၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ရုပ်သံဖိုင်အတိုတစ်ခုနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။
ဂိတ်တိုက်ခိုက်ခံရတဲ့ ဇွန် ၁၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၄ ရက် မနက်ပိုင်းအထိ စစ်တပ်က လက်နက်ငယ်တွေနဲ့ ကံနှောင်းရွာ စစ်ဆေးရေးဂိတ်အနီးက နေရာတွေကို ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ဂိတ်မှာလည်း အင်အားပြန်ဖြည့်ထားတယ်။ နွားထိုးကြီးရော မြင်းခြံဘက်ကရော တပ်ကူတွေ ဖြည့်နေတာ" လို့ သူက ဖြည့်ပြောပါတယ်။
ဇွန်လ ၁၂ ရက်က တိုက်ပွဲမှာ စစ်တပ်ဘက်က ၁ ဦးသေဆုံးပြီး တချို့ကတော့ ဒဏ်ရာရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"ဒဏ်ရာရတဲ့သူတွေကို လူမှုကယ်ဆယ်ရေး ကား ၂ စီးပေါ်တင်ပြီး မြင်းခြံဘက်ကိုခေါ်သွားတယ်"လို့ သူကဆိုပါတယ်။
ကံနှောင်းရွာဟာ မြင်းခြံနဲ့ နွားထိုးကြီး လမ်းပိုင်းဘေးက ရွာဖြစ်ပြီး မြင်းခြံမြို့ကနေ ၁၂ မိုင်နဲ့ နွားထိုးကြီးမြို့နဲ့ဆိုရင် ၁၈ မိုင်ကျော်ဝေးပါတယ်။
ဇွန်လ ပထမအပတ်တုန်းကလည်း နွားထိုးမြို့ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နွားထိုးကြီးမြို့နယ် အရှေ့တောင်ခြမ်းအရောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
မြန်မာစစ်တပ်ကတော့ နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ရွာကို စစ်တပ်ပြန်သိမ်း
စစ်ကိုင်းအထက်ပိုင်း ကလေးမြို့နယ်ထဲက ရာဇဂြိုဟ်ရွာကို စစ်တပ်က မနေ့ ဇွန်လ ၁၃ ရက်က ပြန်ရသွားပြီလို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။
ရာဇဂြိုဟ်ရွာဟာ ကလေးမြို့နဲ့ ထိစပ်နေတဲ့ရွာဖြစ်ပြီးကလေးမြို့ကနေ မိနစ် ၄၀ ဝန်းကျင်လောက်သာ သွားရတဲ့ခရီးလို့ မြို့ခံတစ်ဦးကဆိုပါတယ်။
ရာဇဂြိုဟ်ရွာဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးတပ်တွေ သိမ်းထားတဲ့ ခမ်းပတ်မြို့နဲ့လည်း မိုင် ၂၀ ကျော်ပဲ ဝေးပါတယ်။
စစ်တပ်က လက်ရှိ ရာဇဂြိုဟ်ရွာထဲမှာ တပ်စွဲထားပြီး အဲဒီရွာကနေ ခမ်းပတ်ဘက်ကို ထိုးစစ်ဆက်ဖော်ဖို့ ပြင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်လ်တွေမှာလည်း ရာဇဂြိုဟ်ရွာကို စစ်တပ်ပြန်ရပြီလို့ ရေးသားဖော်ပြနေကြတာ တွေ့ရပါတယ်။
မြန်မာစစ်တပ်က အိန္ဒိယ-မြန်မာနယ်စပ်က ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး-ခမ်းပတ်-တမူးလမ်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဇွန်လ ပထမအပတ်ထဲ သတင်းထုတ်ပြန်ထားပါတယ်။
တစ်ဖက် တမူးမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ စစ်ကိုင်းအထက်ပိုင်းအခြေစိုက်လှုပ်ရှားတဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တမူးမြို့နယ်ထဲက နန်းမွန်းတားရွာကို စစ်တပ်က သိမ်းပိုက်ခဲ့ပါတယ်။
"ခမ်းပတ်ကို ၂ ဖက်ညှပ်ထိုးမယ့်သဘော" လို့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်က မနေ့က သိမ်းလိုက်တဲ့ ရာဇဂြိုဟ်ရွာရဲ့အနောက်ဘက်မှာ ချင်းပြည်နယ်ထဲက တီးတိန်နဲ့ တွန်းဇံမြို့တို့ရှိပြီး အဲဒီမြို့တွေကိုလည်း ပြီးခဲ့တဲ့မေလထဲမှာပဲ စစ်တပ်က ပြန်ထိန်းချုပ်ထားပါတယ်။
မြန်မာစစ်တပ်ကတော့ ရာဇဂြိုဟ်ရွာနဲ့ပတ်သက်ပြီး ဒီနေ့ ဇွန် ၁၄ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် မိုင်းလား သွားဖို့ရှိ
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဟာ ရှမ်းပြည်နယ်၊ အထူးဒေသ ၄ မိုင်းလားကို လာမယ့်ရက်ပိုင်းအတွင်း သွားဖို့ရှိတယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။
NSPNC အနေနဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)တို့နဲ့ တွေ့ဆုံဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပန်ဆန်းအထိ ဆက်သွားမလားဆိုတာ အသေးစိတ်မသိရသေးဘဲ ဝ တပ်ဖွဲ့ နဲ့ ဘယ်မှာတွေ့မလဲဆိုတဲ့ အပေါ်မူတည်တယ်လို့ သိရပါတယ်။
NSPNC က နေပြည်တော်မှာ အလွတ်သဘောဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နဲ့ ဇွန် ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ 7 EAO Alliance (NCA-S EAOs) ၇ ဖွဲ့နဲ့လည်း နေပြည်တော်မှာ ၂ ရက်ကြာတွေ့ဆုံခဲ့ကြပါသေးတယ်။
အဲဒီတွေ့ဆုံပွဲတုန်းကတော့ နေပြည်တော်မှာ လွှတ်တော်ပေါ်လာပြီမို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အပစ်ရပ်အဖွဲ့ ၇ ဖွဲ့နဲ့တွေ့ဆုံချိန် ဆွေးနွေးခဲ့ကြတဲ့ဖွဲ့စည်းပုံ ပြင်ဆင်ရေးအချက် ၄၀ ကျော်ကို လွှတ်တော်ကနေတဆင့် ပြင်ဆင်ဖို့ ကြိုးပမ်းမယ်လို့ NSPNC ဘက်က ပြောခဲ့ပါတယ်။