ဇွန် ၂၀ ရက် သတင်းများအနှစ်ချုပ် - ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရသရွေ့ မြန်မာ့အရေး ရှေ့မရောက်နိုင် - ဂျူလီဘစ်ရှော့

၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ နယူးရော့ခ်မြို့၊ ကိုလံဘီယာ တက္ကသိုလ် မှာ မိန့်ခွန်း တက်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ နယူးရော့ခ်မြို့၊ ကိုလံဘီယာ တက္ကသိုလ် မှာ မိန့်ခွန်း တက်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၂

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံထားရသရွေ့ မြန်မာရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက အရှေ့ကို ရောက်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့ က ပြောကြားလာပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ ကုလအထွေထွေညီလာခံရဲ့ အလွတ်သဘောအစည်းအဝေးမှာ ဂျူလီဘစ်ရှော့က အဲဒီလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေ နဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် အတည်ပြုထားတဲ့ အစီရင်ခံစာတွေ အခုချိန်အထိ မရှိသေးပါဘူး။ အခုကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက်မွေးနေ့ မှာ သူ့ လွတ်မြောက်ရေး အတွက် ကျွန်မနဲ့ အတူတောင်းဆိုပေးကြဖို့ တိုက်တွန်းလိုပါတယ်" လို့ ဂျူလီဘစ်ရှော့က ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲကပဲ နေပြည်တော်ကို သွားရောက်ခဲ့ပြီး သူသွားရောက်တဲ့အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေကိုအကြိမ်ကြိမ် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြပါတယ်။

သားငယ်ဖြစ်သူ ကင်မ်အဲရစ်ကတော့ မိခင်ဖြစ်သူ နဲ့ မျက်နှာချင်းဆိုင်ပြီး မွေးနေ့ဆုတောင်းခွင့်မရခဲ့တာ အခုဆို ၆ ကြိမ်တိုင်တိုင်ရှိလာပြီလို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။

၅ နှစ်ကျော်ကြာ ပြင်ပလောက နဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် သတ်မှတ်နေရာတစ်ခုကို ရွေ့ပြောင်းလိုက်တယ်လို့ ဧပြီ ၃၀ ရက်နေ့မှာ နေပြည်တော်က ကြေညာပါတယ်။ ဒါပေမဲ့ နေရာအတိအကျကိုတော့ ထည့်သွင်းမဖော်ပြခဲ့ပါဘူး။

မြန်မာ-တရုတ်ပေါင်းပြီး ဂြိုဟ်တုငယ်တစ်လုံး လွှတ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

ဇွန်လ ၁၇ ရက်နေ့က ဦးမင်းအောင်လှိုင် နဲ့ တရုတ်သတင်းဌာန CCTV တို့ တွေ့ဆုံမေးမြန်းမှု အစီအစဉ်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၇ ရက်နေ့က ဦးမင်းအောင်လှိုင် နဲ့ တရုတ်သတင်းဌာန CCTV တို့ တွေ့ဆုံမေးမြန်းမှု အစီအစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာနဲ့ တရုတ်ပေါင်းပြီး ဂြိုဟ်တုအငယ် တစ်လုံးလွှတ်တင်သွားဖို့ ရှိတယ်လို့ ဇွန်လ ၁၇ ရက်က တရုတ်သတင်းဌာန CCTV နဲ့ အင်တာဗျူးမှာ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒါဟာ တရုတ် နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် ဂြိုလ်တုစီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမင်းအောင်လှိုင်ဟာ

အရင်စစ်ခေါင်းဆောင်အချိန်နဲ့ အခု သူသမ္မတရာထူးယူထားတဲ့ အချိန် ပထမဆုံးလွှင့်တင်မယ့် ဂြိုဟ်တုငယ်တစ်လုံးဖြစ်လာမှာပါ။

အရင် NLD အစိုးရလက်ထက်တုန်းကတော့ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် နဲ့ ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ် တို့ ပူးပေါင်းပြီး MMSAT-1 (Lawkanat-1) ဆိုတဲ့ ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက လွှတ်တင်ခဲ့ဖူးပါတယ်။

သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးကတော့ "မကြာခင်မှာ ဂြိုဟ်တုတစ်လုံး လွှင့်တင်ဖို့အတွက်ကိုလည်း ကျွန်မတို့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါဟာဆိုရင်... မြန်မာနိုင်ငံရဲ့ အာကာသကို ခြေလှမ်းသစ်စတင်တဲ့ ခရီးစဉ်တစ်ခုလို့လည်း ပြောနိုင်ပါတယ်" လို့ တရုတ်ခရီးစဉ်အပြီးမှာ သတင်းဌာနတွေကို ဖြေကြားတာတွေ့ရပါတယ်။

နေပြည်တော်ဟာ အာကာသနည်းပညာ ရရှိရေးအတွက် တရုတ်၊ ရုရှား၊ ဘယ်လာရုဇ်နိုင်ငံတွေ နဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရန်ကုန်မြို့က အရင် နက္ခတာရာပြခန်းကို အဆင့်မြှင့်တင်ထားတဲ့ အာကာသပြတိုက်(ရန်ကုန်) ကို လည်း ဦးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။