မေလ ၁၇ ရက် သတင်းအနှစ်ချုပ် - ဘန်ကောက်မြို့က ဘတ်စ်ကားနဲ့ ရထားတိုက်မှုမှာ ဒဏ်ရာရသူတွေထဲ မြန်မာ ၅ ဦးပါဝင်

ဓာတ်ပုံ ရင်းမြစ်, EPA
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာ မနေ့ ညနေက ဖြစ်ခဲ့တဲ့ မီးရထားနဲ့ ဘတ်စ်ကားတိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ထဲမှာ မြန်မာ ၅ ဦးပါဝင်တယ်လို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ကူညီခဲ့တဲ့ ရုန်းကက်တာရု ဖောင်ဒေးရှင်းက တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
"မြန်မာ ၅ ဦး ထိခိုက်မှု ရှိပါတယ်။ ကနဦးသိရသလောက် သေဆုံးသူတော့ မရှိပါဘူး" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဒဏ်ရာရတဲ့မြန်မာ ၅ ဦးဟာ ဒဏ်ရာပြင်းထန်မှု ရှိ မရှိဆိုတာကိုတော့ သူက အသေးစိတ်မပြောသွားပါဘူး။
မနေ့ညနေပိုင်းက ရထားနဲ့ ဘတ်စ်ကား တိုက်မှုမှာ လူ ၈ ဦးသေဆုံးတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြု သတင်းထုတ်တာတော့ မရှိသေးပါဘူး။
ဘန်ကောက်မြို့ မက်ကဆန်ဘူတာအနီး မီးရထားလမ်းနဲ့ ကားလမ်းဖြတ် လမ်းဆုံမှာ သံလမ်းအတိုင်းမောင်းလာတဲ့ ရထားနဲ့ သံလမ်းဖြတ်သွားတဲ့ကားလမ်းပေါ် က ဘတ်စ်ကားတို့ တိုက်မိခဲ့တာပါ။
အဲဒီနေရာဟာ ရာမ ၉ လမ်းနဲ့ အဆုံ- ဖက်ချာဘူရီလမ်းဆုံကြားက အဆုန် -ဒင်းဒန်းလမ်းမကြီး ပေါ်မှာရှိတဲ့ မီးရထားဖြတ်လမ်းနေရာလည်း ဖြစ်ပါတယ်။
အခင်းဖြစ်ချိန် အနီးနားက ကားတွေနဲ့ လုံခြုံရေးကင်မရာတွေကနေ ရိုက်ကူးထားတဲ့ ရုပ်သံတွေမှာတော့ ကားလမ်းနဲ့ ရထားလမ်း ဆုံတဲ့လမ်းဖြတ်မှာ ဘတ်စ်ကားက ရထားလမ်းပေါ် ဦးခေါင်းပိုင်း အနည်းငယ် တင်နေတာကိုတွေ့ရပြီး သံလမ်းအတိုင်း ခုတ်မောင်းလာတဲ့ရထားက ဘတ်စ် ကားကို ဝင်မိခဲ့တာပါ။
ရထားတိုက်ခံရတဲ့ ဘတ်စ်ကားဟာ ရထားစက်ခေါင်းနဲ့အတူ အကွာအဝေး တစ်ခုအထိ ဒရွတ်တိုက်ပါသွားပြီး မီးလောင်ခဲ့တာကိုလည်း ရုပ်သံတွေမှာ တွေ့ရပါတယ်။
ဒီဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ၃၂ ဦးထဲ အစိမ်းရောင်အဆင့်လူနာ ၁၅ ဦး၊ အဝါရောင်အဆင့် လူနာ ၁၅ ဦးနဲ့ အနီရောင်အဆင့်ပြင်းထန်တဲ့ လူနာ ၂ ဦးရှိတယ်လို့ ဘီဘီစီထိုင်း ဘာသာစကားဌာနက ဖော်ပြပါတယ်။
ဖြစ်စဉ်ဖြစ်တဲ့နေရာကို ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် မနေ့က သွားရောက်ခဲ့ပြီး သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်း နဲ့ ထိခိုက်သေဆုံးသူတွေကို အစောင့်အရှောက်နဲ့ အကူအညီတွေ အပြည့်အဝပေးဖို့မှာ ကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင်း သေဆုံးသူ ၈ ဦး ရုပ်အလောင်းတွေကိုတော့ ထိုင်းရဲတပ်ဖွဲ့ဆေးရုံ၊ မှုခင်းဆေးပညာဌာနကို ပေးပို့ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ ထိုင်းရဲတပ်ဖွဲ့ဆေးရုံ၊ မှုခင်းဆေးပညာဌာနမှာတော့ ဒီဖြစ်စဉ်မှာ ပျောက်ဆုံးနေသူတွေ၊ အဆက်အသွယ်ပြတ်တောက်နေသူတွေရဲ့မိသားစုဝင်တွေက လာရောက်စောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။
နောက်ဆုံးရ ထိုင်းသတင်းတွေမှာတော့ သေဆုံးသူတွေထဲက ၂ ဦး ဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိရပြီး နှစ်ဦးစလုံးဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းဖော်ပြနေပါတယ်။
DR ကွန်ဂိုက အီဘိုလာကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ် အခြေအနေအဖြစ် WHO ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဖရိကတိုက် အလယ်ပိုင်းက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)၊ အစ်တူရီပြည်နယ်မှာဖြစ်နေတဲ့ အီဘိုလာရောဂါကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာပြည့်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ကြေညာလိုက်ပါတယ်။
လက်ရှိမှာ လူ ၈၀ သေဆုံးပြီး နောက်ထပ် သံသယလူနာ ၂၄၆ ဦးရှိထားတဲ့ အခု အီဘိုလာကူးစက်မှုဟာ ကပ်ဘေးအရေးပေါ်အဆင့်အထိ ရောက်လောက်တဲ့အခြေအနေမျိုးတော့ မတွေ့သေးဘူးလို့ ဆိုပါတယ်။
''ဒါပေမဲ့ လက်ရှိရောဂါဖြစ်ပွားမှုမှာ ကူးစက်ခံရသူ ဘယ်လောက်ရှိလဲဆိုတာနဲ့ ပထဝီအနေအထားအရ ဘယ်လောက်အထိ ပြန့်နှံ့နေလဲဆိုတာနဲ့ပတ်သက်ပြီး ရေရေရာရော ပြောနိုင်တာတွေ မရှိသေးဘူး'' လို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က ပြောပါတယ်။
လက်ရှိမှာ ကူးစက်မှုဖြစ်နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ဟာ မျိုးဗီဇကွဲပိုးတစ်မျိုးဖြစ်နေပြီး အဲဒီမျိုးကွဲပိုးအတွက် ကုသဖို့ အတည်ပြုထားတဲ့ဆေး မရှိသေးပါဘူး။
အခုတော့ အီဘိုလာ ကူးစက်မှုဖြစ်တယ်လို့ ဓာတ်ခွဲအတည်ပြုထားတာ ၈ ခုရှိပြီး ပြည်နယ်မြို့တော် အစ်တူရီနဲ့ ရွှေတွင်းမြို့တွေဖြစ်တဲ့ မွန်ဂွါလူနဲ့ ရွမ်ပါရာတို့မှာ ကူးစက်သံသယလူနာအများဆုံးတွေ့ထားတယ်လို့လည်း WHO က ပြောပါတယ်။
ယူဂန္ဓာနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အသက် ၅၉ နှစ်အရွယ်အမျိုးသားတစ်ဦး ကြာသပတေးနေ့တုန်းက သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လက်ရှိမှာ ကွန်ဂိုနဲ့ လူ၊ ကုန်၊ ခရီးသွား အဝင်အထွက်ရှိတဲ့နယ်စပ်ထိစပ် နိုင်ငံတွေကိုလည်း ကူးစက်မှု ပြန့်နှံ့နိုင်တဲ့အန္တရာယ်ရှိနိုင်ငံတွေအဖြစ် မှတ်ယူထားပါတယ်။
WHO အဖွဲ့ကြီးကတော့ ကွန်ဂိုနဲ့ ယူဂန္ဓာနိုင်ငံတွေအနေနဲ့ ရောဂါ စောင့်ကြည့် ထိန်းချုပ် ခြေရာခံစင်တာတွေ အရေးပေါ် ထားရှိဖို့ အကြံပြုထားပါတယ်။
ကူးစက် ပြန့်ပွားမှု အတတ်နိုင်ဆုံး လျှော့ချဖို့ အီဘိုလာ ကူးစက်တယ်လို့ အတည်ပြုထားနိုင်တဲ့လူနာတွေကို ချက်ချင်းသီးခြားခွဲထားပြီး ကုသမှုပေးဖို့၊ နောက်ပြီး ပိုးတွေ့ရှိလူနာကိုလည်း ၄၈ နာရီခြားပြီး ၂ ကြိမ်တိုင်တိုင် ဆေးစစ်ကြည့်ပြီးမှ ကုသမှုခံယူနေရာကနေ ဆင်းခွင့်ပေးဖို့ကိုလည်း WHO က တိုက်တွန်းပါတယ်။
အတည်ပြု လူနာတွေတွေ့ရှိနေရာနဲ့ ဆက်စပ်ဒေသတွေနဲ့ နိုင်ငံတွေက အာဏာပိုင်တွေအနေနဲ့ ပိုးကူးစက်မှုအခြေအနေကို စောင့်ကြည့်မှုတိုးလုပ်ပြီး ကျန်းမာရေးအသိပေးချက် တိုးမြှင့်လုပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။
ဒါပေမဲ့ ပိုးကူးစက်မှုတွေ့ရှိဒေသတွေနဲ့ဆက်စပ် အရပ်ဒေသတွေအနေနဲ့ နယ်စပ်ပိတ်တာ၊ အသွားအလာနဲ့ ကုန်စည် ဖြတ်သန်းမှုကို ကန့်သတ်တာတွေ မလုပ်ဖို့ WHO က တိုက်တွန်းပါတယ်။
တရုတ်ထိပ်တန်းအထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment မြန်မာနိုင်ငံက ထွက်ခွာမယ်

ဓာတ်ပုံ ရင်းမြစ်, Wuhan Kingsrich Garment
H&M အပါအဝင် ကမ္ဘာ့ကျော်အဝတ်အထည်အမှတ်တံဆိပ်တွေကို ချုပ်လုပ်ပေးနေတဲ့ တရုတ်အထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment က ပြင်ပဈေးကွက်အခြေအနေအပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံကနေ အပြီးသတ်ထွက်ခွာတော့မယ်လို့ အလုပ်သမားတွေကို အသိပေးလိုက်ပါတယ်။
ဒီကုမ္ပဏီဟာ ဇွန်လကုန်မှာ အပြီးသတ် ထွက်ခွာမှာဖြစ်လို့ အလုပ်သမားတွေကို တစ်လ ကြိုတင် အသိပေးခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွေကို ပြန်လည်သုံးသပ်မှု၊ ပြင်ပဈေးကွက်အခြေအနေတွေ အပြောင်းအလဲကြောင့် စီမံခန့်ခွဲမှုအဖွဲ့က သေချာစွာ စနစ်တကျ သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီရပ်ဆိုင်းမှုအကြောင့် အဲဒီစက်ရုံမှာ လုပ်ကိုင်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်ရတော့မယ့် အခြေအနေပါ။ ဝန်ထမ်းတွေကိုတေ ဥပဒေနဲ့အညီ လုပ်သက်အလိုက် လျော်ကြေးပေးသွားမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။
Wuhan Kingsrich Garment ကုမ္ပဏီဟာ ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တရုတ်ထိပ်တန်းအထည်ချုပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်မှာ လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
အခုတော့ ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်ခွာခဲ့ပေမဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက စက်ရုံမှာလည်း အလုပ်လျှောက်နိုင်ကြောင်း ကုမ္ပဏီဘက်က ဝန်ထမ်းတွေကို ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီတွေဖြစ်တဲ့ H&M၊ Marks & Spencer၊ Inditex နဲ့ Primark ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက မှာယူမှုတွေ ဆက်တိုက် ရပ်ဆိုင်းခဲ့တာပါ။
ဒီလိုရပ်ဆိုင်းမှုတွေရဲ့နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အထည်ချုပ်ကုမ္ပဏီတွေကို အထည်အမှာစာရရှိမှုတွေလျော့ကျလာပြီး လုပ်ငန်းလည်ပတ်ဖို့ အခက်တွေ့လာကြတယ်လို့ လုပ်ငန်းရှင်တွေဘက်က အစောပိုင်း ကတည်းက ပြောထားပါတယ်။
၂၀၂၃ ခုနှစ်မှာ ကမ္ဘာကျော်အဝတ်အထည် အမှတ်တံဆိပ် H&M က မြန်မာနိုင်ငံမှာ စံချိန်စံညွှန်းတွေနဲ့ အညီ အဝတ်အထည်တွေ ထုတ်လုပ်ဖို့ ပိုပြီး ခက်လာတယ်လို့ဆိုတာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။
အခုရပ်ဆိုင်းလိုက်တဲ့ Wuhan Kingsrich Garment အထည်ချုပ်ကုမ္ပဏီဟာလည်း H&M အတွက် အဓိက တင်ပို့နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ဘုတလင်မြို့မှာ အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့ စစ်တပ်ရဲ့အင်အားရာချီပါ စစ်ကြောင်းရောက်နေ

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို ပြန်ပြီးလည်ပတ်ဖို့ စစ်တပ်အင်အား ၂၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ ဘုတလင်မြို့ရဲ့ တောင်ဘက် ၁၀ မိုင်ကျော်အကွာက ဇီးတောရွာကို မေလ ၁၆ ရက်နေ့မှာ ရောက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"အဓိကက ဘုတလင်မြို့ကို ပြန်ပြီး လည်ပတ်ချင်လို့ အင်အားဖြည့်တာထင်ပါတယ်။ ဒါပေမဲ့ လမ်းတ၀က်လို့ ပြောရမယ့် ဇီးတောရွာမှာ ငြိမ်နေကြတယ်" လို့ ဘုတလင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်မှာလည်း စစ်ကား ၄ စီးဟာ ဇီးတောရွာကို ထပ်မံရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ဇီးတောရွာဟာ မုံရွာမြို့အခြေစိုက် စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ ကာကင်းအဖြစ် အထိုင်ချတပ်စွဲ ထားတဲ့နေရာလည်းဖြစ်ပါတယ်။
ဘုတလင်မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့အပြင်မှာတော့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။
လက်ရှိ အဲဒီနေရာရဲ့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာတွေတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်မှာ စစ်ဘက် အရပ်ဘက် ရာထူးအပြောင်းအလဲဖြစ်ပြီးတဲ့နောက် စစ်တပ်က ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အလုံးစုံလည်ပတ်ဖို့ ဝန်ထမ်းတွေကို စစ်တပ်ယာဉ်တန်းတွေနဲ့ ပို့ဆောင်နေပါတယ်။
မေလ ၁၆ ရက်နေ့မှာဆိုလည်း စစ်တပ်က မန္တလေး-မြစ်ကြီးနားလမ်း တစ်လျှောက်က မြို့၊ ရွာတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အခြေခံစားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ ဆေးနဲ့ဆေးပစ္စည်းတွေ၊ ကျောင်းသုံးစာအုပ်တွေ နဲ့ စက်သုံးဆီတွေကို ယာဉ်တန်းနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေး - မြစ်ကြီးနား ကားလမ်းတစ်လျှောက်က မြို့တွေကို ပြီးခဲ့တဲ့တစ်ပတ်အထိ စစ်တပ်က တောက်လျှောက် သိမ်းခဲ့အပြီးမှာ အဲဒီဒေသတွေလည်ပတ်နိုင်ဖို့ လူနဲ့ ပစ္စည်းအင်အား အထောက်အကူတွေ ပို့ဆောင်နေတဲ့သတင်းကို ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကစပြီး မန္တလေးတိုင်းထဲ ပြည့်သူ့ကာကွယ်ရေး(PDF) အပါအဝင် တော်လှန်ရေးတပ်တွေ သိမ်းခဲ့တဲ့ စဉ့်ကူး- မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူးအထိ မြို့တွေကို အခုလ အစောပိုင်းအထိ ဆက်တိုက် ပြန်သိမ်းခဲ့ပါတယ်။
အဲဒီနောက် နန်းစီးအောင် - မိုးညှင်း- မိုးကောင်း- မြစ်ကြီးနားအထိ ပေါက်တဲ့ ကားလမ်းပိုင်းကို မေလ ၆ ရက်နေ့မှာ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တာကြောင့် အဲဒီလမ်းပိုင်းကို ပြန်ပြီးဖွင့်လှစ်ပေးခဲ့တယ်လို့ စစ်တပ်က ကြေညာထားပါတယ်။












