ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုသမ္မတလောင်းအမည်စာရင်းတင်သွင်းခံရ၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်သစ်ဖြစ်လာ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒုသမ္မတလောင်းအမည်စာရင်းတင်သွင်းခံရ၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်သစ်ဖြစ်လာတဲ့ သတင်းအပါအဝင် မတ် ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ကွတ်ခိုင်နဲ့ တာမိုးညဲမြို့ကြားက မော်ဟန်ကျေးရွာမှာ တအာင်းတပ် (TNLA) ဝတ်စုံဝတ်ဆင်ထားတဲ့ရုပ်အလောင်းသုံးလောင်းကို မနေ့က တူးဖော်တွေ့ရှိ
  • ကုဒ်စနစ်နဲ့ရောင်းချမှုကြောင့် စက်သုံးဆီဝယ်ယူတဲ့ယာဉ် သိန်းချီလျော့ကျတယ်လို့ စစ်ကော်မရှင်ပြော
  • စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို နေပြည်တော်မှာ အခမ်းအနားနဲ့လွှဲပြောင်းပေးအပ်
  • စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်း
  • အမျိုးသားလွှတ်တော်ရဲ့သမ္မတရွေးချယ်တင်မြှောက်ရေး အစုအဖွဲ့အစည်းအဝေးမှာ တိုင်းရင်းသားပါတီတွေစုပေါင်းပြီး ဒေါက်တာ မနမ်တူးဂျာကို ဒုတိယသမ္မတအဖြစ် တင်သွင်းပြီး ကြံ့ခိုင်‌ရေးပါတီက နန်းနီနီအေးကို တင်သွင်း
  • ဒီနေ့ မနက်ပိုင်းက နေပြည်တော် လွှတ်တော် အသီးသီးမှာ သမ္မတရွေးချယ်တင်မြှောက်ရေးအစုအဖွဲ့အစည်းအဝေးတွေ ကျင်းပ
  • မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၅၀ ကျော်ကို အေအေ ထပ်မံလွှတ်ပေး၊ အခုဆို မင်းပြားတိုက်ပွဲကနေ ဖမ်းမိသူတွေကို အေအေပြန်လွှတ်ပေးတာ အယောက် ၅၅၀ နီးပါးရှိလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဥရောပက လန်ဒန်၊ ပါရီနဲ့ ဘာလင်အထိ အီရန်ဒုံးကျည်တွေ ရောက်နိုင်ပြီလား

    အိန္ဒိယသမုဒ္ဒရာထဲက ဒီယေဂို ဂါစီယာကျွန်းမှာရှိတဲ့ ဗြိတိန်-အမေရိကန် ပူးတွဲစစ်အခြေစိုက်စခန်းကို တီဟီရန်က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်လွှတ်ခဲ့တာကို ကြည့်ရင် အရှေ့အလယ်ပိုင်းပဋိပက္ခ သိသိသာသာမြင့်တက်လာတယ်ဆိုတာ မြင်သာပါတယ်။

    ရည်ရွယ်တဲ့ပစ်မှတ်တွေကို မထိမှန်ခဲ့ပေမဲ့ စစ်ပွဲ စတင်ချိန်က စလို့ ဒီလိုမျိုး တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုတာကို ပထမဆုံးအကြိမ် မြင်ရတာလို့ အစ္စရေးကာကွယ်ရေးတပ်(အိုင်ဒီအက်ဖ်)ဘက်က ပြောပါတယ်။

    တီဟီရန်က ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တရားဝင်အတည်မပြုသေးခင် အီရန်မီဒီယာတွေမှာတော့ နိုင်ငံခြားသတင်းဌာနတွေကို ကိုးကားဖော်ပြလျက်ရှိပါတယ်။

    အခုတော့ မအောင်မြင်ခဲ့တဲ့ဒီတိုက်ခိုက်မှုတွေရဲ့သက်ရောက်မှုတွေအပြင် အဲဒီကနေမှတဆင့် တာပိုဝေးတဲ့နေရာတွေက ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်ခြေကိုလည်း ကျွမ်းကျင်သူတွေက သုံးသပ် ဆန်းစစ်နေကြပါတယ်။ ဥပမာအနေနဲ့ ဘာလင်၊ ပါရီနဲ့ လန်ဒန်အပါအဝင် ဥရောပက မြို့တော်ကြီးတွေဟာ နောင်မှာ ပစ်မှတ်ထားခံရနိုင်လားဆိုတဲ့မေးခွန်းလည်း ကပ်ပါလာပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  2. ဘုတလင်မြို့နယ် ငပယင်းရွာက ဆေးပေးခန်း ဗုံးကြဲခံရမှု ထိခိုက်သေဆုံးသူရှိ

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ဘက်ခြမ်း ငပယင်းရွာမှာရှိတဲ့ ကျေးလက်ဆေးပေးခန်းကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးကြံခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိပြီး လူ ၃ ဦး သေဆုံးတယ်လို့ ကနဦးသိရတဲ့အကြောင်း မြေပြင်အခြေအနေသိရှိသူတွေဆီကနေ သိရပါတယ်။

    နေ့လယ် ၁ နာရီဝန်းကျင်မှာ တံတားဦးနဲ့ မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကနေ တက်လာတဲ့ တိုက်လေယာဉ် နှစ်စင်းကနေ ဗုံး ၅ လုံးကြဲခဲ့တာလို့ သိရတဲ့အကြောင်း ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။

    “တိုက်ပွဲလည်း မရှိဘူး။ စစ်ကြောင်းလည်း မရှိဘူး။ အဲဒီဆေးပေးခန်းက ဆေးရုံလိုပါပဲ။ လူနာတွေလည်းရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူများတယ်လို့ ကြားသိရတယ်” လို့ သူက ဆက်ပြောပါတယ်။

    မြေပြင်အခြေအနေသိတဲ့နောက်ထပ် ဒေသခံတစ်ဦးကတော့ သေဆုံးသူ ၃ ဦးရှိတယ်လို့ ကနဦးသိထားရတဲ့အကြောင်း ပြီးခဲ့တဲ့မိနစ်ပိုင်းတုန်းကပဲ ဘီဘီစီကို ပြောပြပါတယ်။

    ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုလည်း ဘီဘီစီအနေနဲ့ သီးခြားထပ်မံအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

    တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်ဖြစ်တဲ့ ငပယင်းရွာဟာ စစ်ကော်မရှင်တပ်ရဲ့ပါရာမော်တာ အသုံးပြု တိုက်ခိုက်မှုကို မကြာခဏခံရတဲ့ကျေးရွာဖြစ်တယ်လို့ အခြေအနေသိရှိသူတွေက ပြောပါတယ်။

    အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကရော တော်လှန်ရေးတပ်တွေဘက်ကပါ နေ့လယ် ၃ နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။

  3. ကွတ်ခိုင်နဲ့ တာမိုးညဲကြားမှာ TNLA ဝတ်စုံနဲ့ ရုပ်အလောင်း သုံးလောင်းတွေ့ရှိ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲ ကွတ်ခိုင်နဲ့ တာမိုးညဲမြို့ကြားက မော်ဟန်ကျေးရွာမှာ တအာင်းတပ် (TNLA) ဝတ်စုံဝတ်ဆင်ထားတဲ့ရုပ်အလောင်းသုံးလောင်းကို မနေ့ မတ် ၂၉ ရက်က တူးဖော်တွေ့ရှိရပြီး နေ့တွင်းချင်းသင်္ဂြိုဟ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။

    အခုသေဆုံးသူတွေဟာ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA) က ထိုးစစ်ဆင်တဲ့ မတ် ၁၄ ရက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ TNLA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

    မြေကျင်းတစ်ခုအနီးမှာ TNLA ဝတ်စုံဝတ်ထားတဲ့အမျိုးသား ၃ ဦး ကြိုးတုတ်ခံရပြီး သူတို့အနီးမှာ ကိုးကန့်တပ် ဝတ်စုံဝတ်ထားသူတွေက မတ်တပ်ရပ်နေတဲ့ ရုပ်သံတစ်ခုလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။

    မြေပြင်အခြေအနေ သိတဲ့သတင်းရင်းမြစ်ကတော့ ကိုးကန့်တပ် ဖမ်းဆီးခံရာကနေ ပြန်လွတ်လာသူရဲ့ ပြောပြချက်အရ အဲဒီနေရာကို ပြန်လည်တူးဖော်ရာကနေ ရုပ်အလောင်းတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။

    “ရုပ်သံထဲမှာမြင်ရတဲ့နေရာလည်း တူတယ်၊ သုံးယောက်ချင်းလည်း တူတယ်၊ ဝတ်စုံလည်း တူနေတယ်။ ကျည်ကာတွေ လည်းတူနေတယ်။ ဒါပေမဲ့ ရုပ်ပျက်နေပြီဖြစ်လို့ ဘယ်သူတွေမှန်း မသိတော့ဘူးဖြစ်နေတာ။ ရုပ်သံထဲမှာ အဖမ်းခံရတဲ့အနေအထားနဲ့ မြင်ရတဲ့သုံးယောက်က လွတ်လာကြတဲ့သူတွေထဲပါ မပါတော့ သေချာစုံစမ်းနေတုန်းပဲ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။

    ကိုးကန့်တပ် (MNDAA) စစ်ရေးအရင်းအမြစ်ကတော့ အခုအခြေအနေကို စိစစ်နေဆဲအခြေအနေလို့ တုံ့ပြန်ပါတယ်။

    “အဲဒီဖြစ်စဉ်အမှန်တကယ်ဖြစ်ပွားခဲ့မှု ရှိ၊ မရှိကို စိစစ်နေပါတယ်” လို့ သူက ပြောပါတယ်။

    MNDAA နဲ့ TNLA ကြားဖြစ်ပွားတဲ့ ကွတ်ခိုင်တိုက်ပွဲမှာ TNLA တပ်သား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အပစ်ရပ်သဘောတူညီချက်နဲ့အတူ တပ်သားတချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသအခြေစိုက်သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

    ဖမ်းဆီးခံခဲ့ရတဲ့ထဲက TNLA တပ်သား အယောက် ၅၀ ဝန်းကျင်ဟာ သာမန်ပြည်သူအဖြစ် ပြန်လည်နေထိုင်ကြပြီး တချို့ကတော့ ကိုးကန့်တပ် (MNDAA) အဖွဲ့ဝင်အဖြစ် ပြောင်းလဲခဲ့ကြတယ်လို့ ကိုးကန့်စစ်ရေးအရင်းအမြစ်ဆီက သိရပါတယ်။

    MNDAA တပ်ဖွဲ့ဝင်အဖြစ်ပြောင်းလဲဝင်ရောက်သူအရေအတွက်တော့ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။အခုလို ရုပ်အလောင်းတွေ့ရှိတဲ့အခြေအနေအပါအဝင် ဖမ်းဆီးခံခဲ့ရတဲ့တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားနေပေမဲ့ နေ့လယ် ၂ နာရီဝန်းကျင်အထိ အဆက်အသွယ်မရသေးပါဘူး။

  4. အီရန်စစ်ပွဲလှိုင်း ရိုက်ခတ်တဲ့မြန်မာ့စက်သုံးဆီ ပြင်ပပေါက်ဈေး ကျပ် တစ်သောင်းကျော်

    စက်သုံးဆီ တစ်လီတာအတွက် ပြင်ပပေါက်ဈေးက ကျပ်တစ်သောင်းအထက်မှာ ရှိနေတယ်လို့ နိုင်ငံတလွှား နေရာဒေသ ၈ ခုထက်မနည်းက ဒေသခံတွေက ပြောပါတယ်။

    ကြမ်းခင်းဈေး တစ်သောင်းအထက်ရှိလာတာကို ယေဘုယျအားဖြင့် ၃ မျိုး ခွဲနိုင်ပါတယ်။ စစ်ကော်မရှင်အုပ်ချုပ်ရေးယန္တရား လည်ပတ်တဲ့မြို့တွေပေါ်က ပြင်ပဈေးကွက်၊ ဝေးလံခေါင်ဖျားတဲ့နေရာတွေက ဆီပေါက်ဈေးနဲ့ တော်လှန်ရေးအင်အားစု စိုးမိုးဒေသတွေက စက်သုံးဆီအခြေအနေဆိုပြီး ခွဲခြမ်းနိုင်ပါတယ်။

    ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်နီ၊ ရှမ်းမြောက်နဲ့ ကချင် စတဲ့ နိုင်ငံတလွှားက ဒေသခံတွေကို မေးမြန်းပြီးနောက် တူညီတဲ့အချက်ဟာ စက်သုံးဆီဈေးကွက် ကမောက်ကမ ဖြစ်နေပြီး ရက်ပိုင်းအတွင်း ထက်ဝက်ကျော် ဈေးခုန်တက်နေတာကို ထင်သာမြင်သာတွေ့ရပါတယ်။

    စက်သုံးဆီမှောင်ခိုဈေးကွက် ဘာကြောင့်ပေါ်လာ ... ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  5. ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့ တပ်ချုပ်အဖြစ် ပထမဆုံးမိန့်ခွန်းမှာ ဘယ်အချက်တွေထည့်ပြောလဲ, စစ်ဘက်ရေးရာလုံခြုံရေး(ထောက်လှမ်းရေးယန္တရား)ကို ဦးဆောင်ခဲ့သူ တပ်ချုပ်ဖြစ်လာ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ချမှတ်ထားတဲ့အတိုင်း တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်ရှိတဲ့ စစ်တပ်ဖြစ်အောင် ဆက်လုပ်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သူ့ရဲ့ တပ်ချုပ်ရာထူးနဲ့ ပထမဆုံးမိန့်ခွန်းမှာ ထည့်ပြောပါတယ်။

    ဒီနေ့ မတ် ၃၀ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်တွေကို လွှဲပြောင်းလက်ခံလိုက်တာ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တာဝန်ယူခဲ့တဲ့ ၁၅ နှစ်တာမှာ ခေတ်မီတပ်ဖြစ်အောင် စနစ်တကျအကောင်အထည်ဖော်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက သူ့မိန့်ခွန်းထည့်ပြောပါတယ်။

    ဒ့ါအပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်း၊ အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းဆက်လျှောက်နိုင်အောင် တာဝန်တွေထမ်းဆောင်မယ် လို့ တပ်ချုပ်သစ်က ဆိုပါတယ်။

    အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    တပ်ချုပ်အဖြစ် တာဝန်လွှဲပြောင်းယူခဲ့ပေမဲ့ တပ်ချုပ်သစ်ဟာဗိုလ်ချုပ်ကြီးရာထူးနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

    စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖချုပ်) တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ထောက်လှမ်းရေးယန္တရားကို ဦးဆောင်ခဲ့သူတစ်ဦးအဖြစ်သာမကဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးတလည်ယုံကြည်အားကိုးခံရသူဖြစ်ပါတယ်။

    ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း အာဏာသိမ်းတဲ့နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်က မြနန်းဘုံသာလမ်းနေအိမ် ခြံအမှတ် ၃၃ ကို ဝင်ရောက်စီးနင်းမှုကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဦးဆောင်ခဲ့ သူဖြစ်ပါတယ်။

    အာဏာသိမ်းတဲ့ ပထမဆုံးနေ့ကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အရေးကြီးတာဝန်ကိုယူခဲ့တဲ့ စရခချုပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ဖွဲ့တဲ့ စစ်ကောင်စီရဲ့ အဓိကလူလည်းဖြစ်လာသလို ဒီတပ်ချုပ်ရာထူးကို မယူသေးခင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံထားရသူလည်းဖြစ်ပါတယ်။

  6. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ရာထူးကအနားယူ၊ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်ချုပ်အသစ် ဖြစ်လာ

    မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ မတ်လ ၃၀ ရက်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကနေ အနားယူလိုက်ပြီး မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်ဖြစ်လာပါတယ်။ တပ်ချုပ်အဆောင်အယောင်နဲ့ ရွှေဓား လွှဲအပ်‌ပေးခဲ့တာတွေ့ရပါတယ်။

    စစ်ခေါင်းဆောင်ဟာ ပြည်သူ့လွှတ်တော်ကတင်တဲ့ ဒုသမ္မတ ဖြစ်လာတဲ့တစ်ချိန်တည်းမှာပဲ အခုလို တပ်ချုပ်ရာထူးကနေ အနားယူပြီး တပ်ချုပ်သစ်ထွက်‌ပေါ်လာတာပါ။

    ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးနဲ့ ရှိခဲ့တဲ့ အသက် ၅၀ ကျော်အရွယ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဒုတိယတပ်ချုပ်ဖြစ်လာပါတယ်။ လက်ရှိ အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ညှိနှိုင်းကွပ်ကဲရေးမှူးသစ်ဖြစ်လာပါတယ်။

    သမ္မတ လုပ်မယ့်သူဟာ နိုင်ငံ့ဝန်ထမ်းဖြစ်လို့မရတာကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃ အရ သမ္မတ၊ ဒုသမ္မတွေဟာ ရွေးကောက်တင်မြှောက်ခံရတဲ့နေ့ကစလို့ လွှတ်တော်ကိုယ်စားလှယ်၊နိုင်ငံ့ဝန်ထမ်း စတာတွေကနေ နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။

    ၂၀၂၅ ရွေးကောက်ပွဲအပိုင်း ၁ တုန်းက မဲပေးတဲ့နေ့မှာ တပ်ချုပ်က သူသမ္မတ လုပ်မှာလားဆိုတဲ့ဘီဘီစီရဲ့မေးမြန်းချက်ကို သူဟာ နိုင်ငံ့ဝန်ထမ်းဖြစ်လို့ သမ္မတ ဖြစ်ချင်တယ်၊ မဖြစ်ချင်ဘူး ပြောလို့မရကြောင်းနဲ့၊ လွှတ်တော်တွေ ပေါ်ပေါက်လာမှသာ ပြောဖို့ သင့်ကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

    တပ်ချုပ်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တိတိ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှာ အရင်တပ်ချုပ်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကိုခန့်အပ်ခဲ့တာပါ။

  7. ကုဒ်စနစ်နဲ့ရောင်းချမှုကြောင့် စက်သုံးဆီဝယ်ယူတဲ့ယာဉ် သိန်းချီလျော့ကျတယ်လို့ စစ်ကော်မရှင်ပြော

    Barcode နဲ့ QR code စနစ်သစ်ကို အသုံးပြုပြီး ရောင်းချပေးတာဟာ စက်သုံးဆီဝယ်ယူတဲ့ ဆိုင်ကယ်၊ သုံးဘီးနဲ့ ကားအစီးရေ သိန်းနဲ့ချီကို လျော့ကျသွားစေတယ်လို့ စစ်ကော်မရှင်က မနေ့ မတ် ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    စစ်ကော်မရှင်ဟာ ကားတွေအတွက် Barcode၊ ဆိုင်ကယ်တွေအတွက် QR code တွေ ထုတ်ပေးပြီး Application (အက်ပလီကေးရှင်း) အသုံးပြု စစ်ဆေးတဲ့နည်းလမ်းနဲ့ ဆီဆိုင်ကြီးတွေမှာ ဆီဝယ်ခွင့်ကို မတ် ၂၇ ရက်ကနေ စတင်ခဲ့ပါတယ်။

    ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးတို့မှာ အဲဒီစနစ်သစ်ကို စတင်ကျင့်သုံးခဲ့ပြီးနောက် ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ အမြန်လမ်းမကြီးတလျှောက်မှာ ဒါကို အသုံးပြုနေပြီဖြစ်ပါတယ်။

    ကနဦးစတင်အသုံးပြုတဲ့ မြို့ကြီး ၄ မြို့မှာ ရောင်းချတဲ့စာရင်းတွေကို နှိုင်းယှဉ်ချက်အရ မတ် ၂၅ ရက်မှာ ဆိုင်ကယ်၊ သုံးဘီး ၁၈၉,၉၀၅ စီး နဲ့ ကား ၁၃၈, ၁၅၇ စီး ဆီဝယ်ယူဖြည့်တင်းခဲ့ကြပေမဲ့ စနစ်သစ်စတဲ့ ၂၇ ရက်နေ့မှာတော့ ဆိုင်ကယ်၊ သုံးဘီး ၁၄၉, ၆၉၀ စီး နဲ့ ကား ၁၀၅, ၃၄၅ စီးကို လျော့ကျသွားပါတယ်။

    စစ်ကော်မရှင်ရဲ့စာရင်းအရ ပျှမ်းမျှ အစီးရေ နှစ်သောင်းကျော် လျော့ကျသွားတဲ့သဘောပါ။

    ဒါပေမဲ့ မန္တလေးမြို့ခံတစ်ဦးရဲ့အပြောအရ ဒီနေ့ မတ် ၃၀ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာလည်း စစ်ကိုင်း-မန္တလေးလမ်းပေါ်က Denko ဆီဆိုင်မှာ ဖြည့်တင်းဖို့ ကားနဲ့ ဆိုင်ကယ် အမြောက်အများ တန်းစီနေကြဆဲလို့ သိရပါတယ်။

    “Scan ဖတ်ပြီးတော့ ဆီဖြည့်တာက တကယ်အလုပ်ဖြစ်တယ်။ နောက်တစ်ခေါက် ထပ်ဖြည့် မရဘူး။ ဒီနေ့တန်းပြီး နောက်တစ်ဆိုင်တန်း မရဘူး၊ ဘယ်နေရာမှာ ထည့်ခဲ့ပြီးပြီဆိုတာ အတိအကျပေါ်တယ်။ ဒါပေမဲ့ တန်းစီရတာက အရင် ၁ နာရီခွဲလောက်တန်း ရင်ရတယ်၊ အခုက ညအိပ်မှရမှာ” လို့ မန္တလေးမြို့ခံက ဆက်ပြောပါတယ်။

    စစ်ကော်မရှင်ကတော့ စက်သုံးဆီဈေးတက်တာကို အခွင့်ကောင်းပြီး အရောင်းဆိုင်ပိတ်တာတွေ၊ Scan မဖတ်ဘဲရောင်းချပေးတာတွေ၊ အငှားယာဉ်(တက်စီ)တွေကို ခွဲတမ်း ပိုပေးပြီး မသမာမှုတွေ လုပ်တာကြောင့် ဖွင့်တဲ့ဆိုင်တွေမှာ ယာဉ်တွေပိုတန်းစီနေရတာလို့ စွပ်စွဲပြောဆိုပါတယ်။

    ဒါကြောင့် ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ မသမာမှုတွေလုပ်ကြောင်း သတင်းရလို့ဆိုကာ နေပြည်တော်နဲ့ မန္တလေးက စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်ရဲ့လိုင်စင်ကို ယာယီပိတ်သိမ်းပြီး မန်နေဂျာနဲ့ ဝန်ထမ်းတွေကို ဥပဒေအတိုင်းအရေးယူထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်က “ရွှေပိုး” စက်သုံးဆီဆိုင်၊ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ ရပ်ကွက်၊ ၆၂ လမ်းပေါ်က “ရွှေခြင်္သေ့” စက်သုံးဆီဆိုင်၊ မန္တလေး ပြည်ကြီးတံခွန်ကပဲ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က “အောင်သိဒ္ဓိ” စက်သုံးဆီဆိုင်တို့ကို လိုင်စင်ယာယီ ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

    ဒါအပြင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ ဘီရပ်ကွက်၊ မြနန္ဒာလမ်းသွယ်မှာနေထိုင်တဲ့ ဦးမြင့်မောင် ဆိုသူဟာ တရားမဝင်စက်သုံးဆီသိုလှောင်တာကြောင့် အမှုဖွင့်အရေးယူဖို့ လုပ်နေတယ်ဆိုပြီးပါ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

  8. ပြည်သူ့လွှတ်တော်က တပ်ချုပ်ကို ဒုသမ္မတ အမည် စာရင်းတင်သွင်း

    ဒီနေ့ မတ်လ ၃၀ ရက် မနက်ပိုင်းက နေပြည်တော်က လွှတ်တော်အသီးသီးမှာ သမ္မတရွေးချယ်တင်မြှောက်ရေးအစုအဖွဲ့အစည်းအဝေးတွေကနေ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို တင်သွင်းခဲ့ပါတယ်။

    ပြည်သူ့လွှတ်တော်အစုအဖွဲ့မှာကြံ့ခိုင်ရေးပါတီကနေ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့သလို တစညပါတီ(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)ရဲ့ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေလည်း ဒုတိယသမ္မတလောင်း အမည်စာရင်းနဲ့ အပြိုင် ပါဝင်လာပါတယ်။

    တစ်ချိန်တည်းမှာပဲ ကျင်းပနေဆဲအမျိုးသားလွှတ်တော်အစုအဖွဲ့အစည်းအဝေးကလည်း ကြံ့ခိုင်ရေးပါတီက ဒုတိယသမ္မတလောင်းအဖြစ် ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နန်းနီနီအေးကို တင်သွင်းခဲ့ပြီး တိုင်းရင်းသားပါတီအစုအဖွဲ့က ဒေါက်တာမနမ်တူးဂျာကို တင်သွင်းထားပါတယ်။

    တပ်ချုပ်ကတော့ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ ပြည်သူ့လွှတ်တော်အစုအဖွဲ့ကရွေးချယ်တဲ့ ဒုသမ္မတဖြစ်လာတာပါ။ ဒုတိယသမ္မတလောင်းစာရင်းမှာ နန်းနီနီအေး ပါဝင်လာတာကြောင့် မြန်မာနိုင်ငံရေးသမိုင်းတစ်လျှောက် ပထမဆုံးထွက်ပေါ်လာတဲ့ အမျိုးသမီးဒုတိယသမ္မတဖြစ်လာပါတယ်။

    ဒုတိယသမ္မတလောင်းစာရင်းတွေကနေ သမ္မတနဲ့ ဒုတိယသမ္မတ ၂ ဦးထွက်‌ပေါ်လာမှာဖြစ်ပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကတော့ ဘယ်သူကို ဒုတိယသမ္မတလောင်းစာရင်းတင်သွင်းမလဲဆိုတာကို လက်ရှိအချိန်အထိမသိရှိရသေးပါဘူး။

    ၂၀၀၈ အခြေခံဥပဒေမှာဖော်ပြချက်အရ သမ္မတ ဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့မလိုသလို ရွေးကောက်ပွဲဝင်ပြိုင်ဖို့မလိုပါဘူး။

    သမ္မတ အရည်အချင်းတွေကတော့သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခံရချိန်မှာ အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး သူရောမိဘနှစ်ပါးလုံးမှာ မြန်မာပြည်ဖွားတိုင်းရင်းသားမြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး သမ္မတရဲ့ခင်ပွန်း သို့မဟုတ် ဇနီး၊ သား၊ သမီး၊ သမက်၊ ချွေးမ တစ်ဦးဦးဟာ နိုင်ငံခြားသားမဖြစ်ရဘူး၊ နိုင်ငံခြားအစိုးရတစ်ရပ်ရပ်ရဲ့ သြဇာခံ သစ္စာခံသူမဖြစ်ရဘူးဆိုပြီး ၂၀၀၈ အခြေခံဥပဒေမှာဖော်ပြထားပါတယ်။ ဒါအပြင် သမ္မတ အဖြစ်တင်မြှောက်ခံရချိန်မှာ မြန်မာနိုင်ငံတွင်းမှာ တစ်ဆက်တစ်စပ်တည်း အနှစ် ၂၀ နေထိုင်ပြီးဖြစ်သူဖြစ်ရပါမယ်။

  9. အမျိုးသားလွှတ်တော်က ဒေါက်တာ မနမ်တူးဂျာနဲ့ နန်းနီနီအေးကို ဒုသမ္မတအမည်စာရင်း တင်သွင်း

    ဒီနေ့ မတ်လ ၃၀ ရက် မနက်ပိုင်းက ကျင်းပတဲ့ အမျိုးသားလွှတ်တော်ရဲ့ သမ္မတရွေးချယ်တင်မြှောက်ရေး အစုအဖွဲ့အစည်းအဝေးမှာ တိုင်းရင်းသားပါတီတွေစုပေါင်းပြီး ဒေါက်တာ မနမ်တူးဂျာကို ဒုတိယသမ္မတအဖြစ်တင်သွင်းပြီး ကြံ့ခိုင်‌ရေးပါတီက နန်းနီနီအေးကို တင်သွင်းခဲ့ပါတယ်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အသက် ၅၈ နှစ်အရွယ် နန်းနီနီအေးဟာ ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

    ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရချိန်မှာ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ကိုးကန့်တပ်ဖွဲ့အား ထောက်ပံ့ကူညီသူများကို ပြည်ထောင်စုလွှတ်တော်က ရှုတ်ချတဲ့အဆိုမှာ ဝင်ရောက် ဆွေးနွေးကြတဲ့အထဲ နန်းနီနီအေးက တစ်ဦးအပါအဝင်အဖြစ်လူ သိများခဲ့သူဖြစ်ပါတယ်။

    ဒေါက်တာမနမ်တူးဂျာဟာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဒုဥက္ကဋ္ဌဟောင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ KIO ကနေ နုတ်ထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးပါတီအမည်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပါတီထောင်ရွေးကောက်ပွဲပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပါတီတည်ထောင်ခွင့် မရခဲ့ပါဘူး။

    ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ရဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက ကချင်က တခြားပါတီ သုံးခုနဲ့ ပါတီ လေးခုပေါင်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်ဂျန်းယန်မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့ပါတယ်။ဒါပေမဲ့အာဏာသိမ်းခဲ့လို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်မရခဲ့ပါဘူး။

    ၂၀၂၅ စစ်တပ်ရဲ့ရွေကောက်ပွဲမှာ‌တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ကနေ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။

  10. မင်းပြားမြို့သိမ်းတိုက်ပွဲက ဖမ်းမိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၁၅၀ ကျော်ကို အေအေပြန်လွှတ်

    ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့စစ်သုံ့ပန်းနဲ့ သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို အာရက္ခတပ်တော်(အေအေ)က ပြန်လွှတ်ပေးခဲ့ကြောင်း အေအေ စစ်ရေးအရင်းအမြစ်တချို့ဆီကနေ သိရပါတယ်။

    “(သူတို့ကို) သက်ဆိုင်ရာမိသားစုတွေဆီ ပြန်အပ်ပေးခဲ့တာပါ”လို့ အေအေ စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    မင်းပြားတိုက်ပွဲကနေ ဖမ်းဆီးရမိသူတွေကို တတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၅၄ ဦးနဲ့ ကလေးလူငယ် ၅၄ ဦးအထိ ပါဝင်တယ်လို့ ရခိုင်အခြေစိုက်သတင်းတွေကလည်း မတ်လ ၂၉ ရက်ညနေပိုင်းမှာ သတင်းဖော်ပြပါတယ်။

    အေအေက မင်းပြားမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်တပ်လက်ထဲကနေ သိမ်းယူခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းနဲ့ သုံ့ပန်းမိသားစုဝင်တွေ အပါအဝင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံနဲ့တကွ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီနောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃ ရက်မှာ ပထမအကြိမ်အဖြစ် စစ်သုံ့ပန်းအယောက် ၁၇၀ ကို လွှတ်ခဲ့ပြီး မေ ၁၆ ရက်မှာတော့ ၂၂၅ ဦးကို ထပ်လွှတ်ပေးခဲ့တာပါ။

    ဒါကြောင့် အခုအကြိမ်နဲ့ပါဆိုရင် မင်းပြားတိုက်ပွဲကနေ ဖမ်းမိတဲ့သူ စုစုပေါင်း ၅၄၇ ဦးအထိ အေအေက ပြန်လွှတ်ထားပြီလည်းဖြစ်ပါတယ်။ အခုပြန်လွှတ်သူတွေကို ဒေသဆိုင်ရာတာဝန်ရှိသူတွေရဲ့ရှေ့မှာပဲ ကတိခံဝန်လက်မှတ်ရေးထိုးစေကာ မိသားစုလက်ထဲ ပြန်ထည့်ပေးခဲ့တယ်လို့ သိရပါတယ်။

    ဒါအပြင် မတ် ၁၄ ရက်မှာလည်း အေအေရဲ့ အာလဖာ ၁ စစ်ဒေသမှာ စစ်သုံ့ပန်းတွေ လွှတ်ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုလ ၈ ရက်နေ့တုန်းကတော့ အေအေသိမ်းပိုက်ထားတဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကော်မရှင်တပ်က သုံးနာရီခွဲခန့်ကြာအောင် လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

    ဒါးလက်ချောင်းဖြစ်စဉ်မှာတော့ စစ်သုံ့ပန်း ၁၁၆ ဦးသေဆုံးခဲ့ပြီး စစ်ကော်မရှင်တပ်ရဲ့ စစ်ဘက် အရာရှိကြီးတွေနေရာမှာတင်သေဆုံးခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကော်မရှင်သတင်းပြန်ကြားရေးအဖွဲ့ဘက်ကတော့ စစ်သုံ့ပန်းအကျဉ်းစခန်းတိုက်ခိုက်မှု ဖြစ်စဉ်အပါအဝင် အေအေက ပြန်လွှတ်တဲ့သုံ့ပန်းတွေနဲ့ပတ်သက်လို့ ဒီနေ့ မတ် ၃၀ ရက် မနက်ပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိပါဘူး။

  11. မင်္ဂလာပါ။ မတ် ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။