အောက်တိုဘာ ၁၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို KIA က တရုတ်ဘက်ခြမ်းမှာသာ တွေ့ဆုံနိုင်မယ်လို့ တုံ့ပြန်ထားတဲ့သတင်းအပါအဝင် အောက်တိုဘာ ၁၄ ရက် ကမ္ဘာနဲ့ နိုင်ငံတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အောက်တိုဘာ ၁၄ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ရှုပ်ထွေးပွေလီတဲ့ဘန်ကောက်မြို့ထက် ချင်းမိုင်လို သဘာဝနဲ့ နီးစပ်တဲ့နေရာမှာ အိမ်ခြံမြေဝယ်ယူပြီး အေးအေးချမ်းချမ်းနေထိုင်လိုတဲ့ မြန်မာနိုင်ငံသားတွေ မဝယ်ခင် နှစ်ခေါက်ပြန်စဉ်းစားဖို့ လိုလာပါပြီ။
အကြောင်းကတော့ ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်းက ခရိုင် ၁၆ ခုမှာ ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီတွေထောင်ပြီး အိမ်ခြံမြေဝယ်ယူတာတွေကို ထိုင်းအစိုးရက စီမံချက်နဲ့ စစ်ဆေးအရေးယူနေလို့ပါ။
ချင်းမိုင်မှာလည်း မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပြီး မြေယာဥပဒေပုဒ်မ ၁၁၁ အပါအဝင် တရားမဝင်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရားမဝင်နေထိုင်မှုတို့အတွက် တရားစွဲဆိုထားပါတယ်။နောက်ထပ် မြန်မာနိုင်ငံသား ခုနစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
ဖမ်းဆီးအရေးယူမှုတွေကြောင့် ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူပြီး အခြေချနေထိုင်တာ ဒါမှမဟုတ် စီးပွားရေးလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
ထိုင်းမှာ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံသားတွေကို နာမည်ခံခိုင်းပြီး ကုမ္ပဏီထောင်၊ အိမ်ခြံမြေ၀ယ်ယူတာတွေကို ထိုင်းအာဏာပိုင်တွေက ဖြိုခွင်းနှိမ်နင်းမှုအတွင်း ကုမ္ပဏီ ၉၅ ခုနဲ့ ဆက်နွှယ်တဲ့နိုင်ငံခြားသား ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ထိုင်းမှာ ၀န်ကြီးချုပ် အနုတင်ရဲ့လမ်းညွှန်ချက်အရ ထိုင်းအမည်ခံပြီး နိုင်ငံခြားသားတွေ ပိုင်တဲ့ ‘နိုမီနီ’ကုမ္ပဏီကွန်ရက်ကို နှိမ်နင်းရေး အဆင့် ၈ ကို ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။
အဲဒီဖြိုခွင်းမှုအတွင်း တရုတ်အာဏာပိုင်တွေက အလိုရှိနေသူ ၃ ဦးအပါအ၀င် တရုတ် ၁၀ ဦးနဲ့ အမေရိကန် နိုင်ငံသား ၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၀ ရက်မှာ သတင်းထုတ်ပါတယ်။
စုံစမ်းစစ်ဆေးချက်တွေအရ ထိုင်းနိုင်ငံသားနာမည်ခံပြီး နိုင်ငံခြားသားတွေ ထောင်ထားတဲ့ ကုမ္ပဏီ ၉၅ ခုဟာ ထိုင်းဘတ်ငွေ သန်း ၆,၀၀၀ တန်ဖိုးရှိတဲ့နေအိမ်နဲ့ မြေကွက် ၉၄ ခုပိုင်ဆိုင်ထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။
ရှာဖွေ ၀ရမ်းတွေနဲ့ပြုလုပ်ခဲ့တဲ့အခု နှိမ်နင်းမှုတွေကို ဘန်ကောက်မြို့ရှိ ဘန်နာ၊ ရာမ ၉၊ စီနာကရင်စတဲ့ရပ်ကွက်တွေက အဆင့်မြင့်အိမ်ရာစီမံကိန်း ၄ ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းတွေ၊ စာရင်းအင်းမှတ်တမ်းတွေ၊ ကွန်ပျူတာတွေ၊ လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းမိခဲ့တယ်လို့ ရဲက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ မြေယာဌာနနှင့် စီးပွားရေး လုပ်ငန်းမှတ်ပုံတင်ဌာနတို့ ပူးပေါင်းစစ်ဆေးရာမှာတော့ အဲဒီလူနေအိမ်ရာစီမံကိန်းတွေမှာ မြေယာနှင့် အိမ်ရာများကို ကိုင်ဆောင်ထားသည့် ကုမ္ပဏီ ၉၅ ခုမှာ နိုင်ငံခြားသားတွေအတွက် အမည်ခံ (Nominee) ကုမ္ပဏီတွေဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ ရဲထုတ်ပြန်ချက်က ပြောပါတယ်။
ဒီဖြိုခွင်း နှိမ်နင်းမှုနဲ့ပတ်သက်ပြီး ရဲက အမှု ၉၅ ခု ဖွင့်ထားပြီး အဲဒီအမှုမှာ ပါ၀င်ပတ်သက်သူ ထိုင်းနိုင်ငံသား ၁၅၆ ဦးနဲ့ နိုင်ငံခြားသား ၉၆ ဦးအထိရှိနေတယ်လို့ ရဲက ပြောပါတယ်။
နိုင်ငံခြားသား ၉၆ ဦးထဲမှာ ၉၄ ဦးက တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်မှာ မွေးဖွားသူများဖြစ်ပေမဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ စိန့်ကစ်နှင့် နီဗစ်စ်၊ ဟောင်ကောင်၊ အမေရိကန်နဲ့ မြန်မာ စတဲ့ နိုင်ငံသားခံယူထားသူတွေလည်း ပါ၀င်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းမှာ နိုင်ငံခြားသားတွေ အမည်ခံကုမ္ပဏီ ဖွင့်ပြီး အိမ်ခြံမြေပိုင်ဆိုင်မှုရှိ မရှိ စုံစမ်းနှိမ်နင်းတာကို ရဲတပ်ဖွဲ့က ဘန်ကောက်၊ ချင်းမိုင်၊ ပတ္တရားစတဲ့ ခရီးသွားတွေကြား နာမည်ကြီးတဲ့နေရာတွေအပြင် နိုင်ငံတ၀န်းမှာ အရှိန်မြှင့်ပြုလုပ်နေပြီး ဆက်လုပ်ဖို့ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။
ကချင်ပြည်နယ်ထဲ တိုက်ပွဲဖြစ်တာ ၂ နီးပါးရှိလာတဲ့ ဗန်းမော်မြို့နယ်တဝိုက်က နေရာ ၃ ခုမှာ တကျော့ပြန် တိုက်ပွဲပြင်းထန်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဗန်းမော်နဲ့ မံစီကြားမှာရှိတဲ့အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇) အနီးက ကုန်းမဟတ်၊ ဆင်ကုန်းနဲ့ ညောင်ပင်သာရပ်ကွက်တဝိုက်မှာ တိုက်ပွဲရှိနေတာလို့ သိရပါတယ်။
ဒါအပြင် ဗန်းမော်တက္ကသိုလ်နဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကြားက နန့်ဖားကျေးရွာနဲ့ ဗန်းမော်ကနေ မိုးမောက်မြို့ဘက်သွားတဲ့ ၃ မိုင်နဲ့ ၄ မိုင်ဒေသတွေမှာပါ နှစ်ဖက်တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်နေတာလို့ သိရပါတယ်။
“အဲဒီနေရာ ၃ ခုမှာပါ အဓိကဖြစ်နေတာပါ။ စင်ခန်းတံတားတဝိုက်က တိုက်ပွဲ မရှိတော့ဘူး။ ဗန်းမော်ဘက်မှာက စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်းသုံးတယ်။ ပြီးရင် လေကြောင်းပစ်ပြီးမှ မြေပြင်ကနေ တက်လာတယ်” လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။
စက်တင်ဘာလကုန်ပိုင်းကစလို့ မြန်မာစစ်တပ်ဘက်က စစ်မှုထမ်းကနေ ဖြည့်တင်းလာတဲ့ လူအင်အားတွေသုံးကာ ဗန်းမော်စစ်မျက်နှာပြင်ကို ထိုးစစ်မြှင့်လာလို့ တိုက်ပွဲပြန်ဖြစ်လာတယ်လို့ PDF စစ်ရေးရင်းမြစ်တချို့က အစောပိုင်းကတည်းက ပြောပါတယ်။
ဒေသတွင်းသတင်းမီဒီယာတွေကတော့ အောက်တိုဘာ ၁၂ ရက်တုန်းက ၃ မိုင်ရွာဘက်တပ်စွဲထားတဲ့မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ သတင်း ဖော်ပြနေကြပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်လို့ ဒီနေ့ ညနေ ၅ နာရီအထိ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေပြီး ဒီနေ့နေ့လယ် ပြင်ပပေါက်ဈေးကတော့ ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၁၃၈ ကျပ်နဲ့ အမေရိကန်ငွေ ၁ ဒေါ်လာကို ၄,၅၉၀ ကျပ်အထိ ဖြစ်လာတယ်လို့ ဈေးကွက်သိရှိသူတွေက ပြောပါတယ်။
“ဒေါ်လာဆိုရင် ဝယ်ဈေးက ၄,၅၉၀ ကျပ်ပေမဲ့ ငွေလဲတဲ့သူတွေကတော့ ၄,၆၀၀ အတိနဲ့ ဖြတ်ကြတယ်။ ဒီနေ့မနက်ကတင် ၄,၅၅၀ ပဲရှိသေးတာ၊ တစ်ရက်တည်းကို ကျပ် ၄၀ - ၅၀ ခုန်တက် သွားတာပါ။ မနေ့က ၄,၅၃၀ လောက်ရှိပါတယ်” လို့ ငွေလဲလုပ်ကိုင်ပေးသူတစ်ဦးကပြောပါတယ်။
နောက်ထပ်ထိုင်းရောက်မြန်မာတစ်ဦးကတော့ ထိုင်းဘတ်ဈေးတွေ တရိပ်ရိပ်တက်လာကြောင်း ပြောပါတယ်။
“ပုံမှန်က ၁ ဘတ်ကို ၁၃၀ - ၁၃၂ လောက်ပဲရှိတာလေ။ ဒီနေ့ ၁၃၈ ဖြစ်နေပြီ” လို့ သူက ဆက်ပြောပါတယ်။
အခုသီတင်းပတ်ထဲ မြန်မာကျပ်ငွေတန်ဖိုးဈေးကျနေပြီး ထိုင်းဘတ်ဈေးနဲ့ အမေရိကန်ဒေါ်လာဈေးတွေ ပြန်တက်လာတာလို့ ငွေလဲလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
နိုင်ငံခြားငွေလဲနှုန်းနဲ့ပတ်သက်လို့ မြန်မာမှာ ပြင်ပပေါက်ဈေးနဲ့သတ်မှတ်ဈေး ဆိုပြီး နှစ်မျိုး ရှိနေပါတယ်။ ဗဟိုဘဏ်သတ်မှတ်ဈေးအရ အမေရိကန် ၁ ဒေါ်လာကို ၂,၁၀၀ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၆၂.၆၂ ကျပ်သာ ရှိပါတယ်။
အခုလို ပြင်ပနိုင်ငံခြားငွေလဲဈေးနှုန်းတွေတက်တာဟာ ကမ္ဘာ့ရွှေဈေးတက်တာကြောင့်လို့ ငွေလဲသူတွေက ပြောကြပေမဲ့ စီးပွားရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေသိနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လူသိများပြီး ပရဟိတဆေးဆရာအဖြစ် ဆေးကုသနေတဲ့ ပျောက်စေဆရာတွေကို စိစစ်ဖို့ ကျောက်ကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးဟံသာ၀င်းက လွှတ်တော်မှာ တောင်းဆိုလိုက်ပါတယ်။
သူက Facebook နဲ့ Tiktok လူမှုကွန်ရက်တို့မှာလူသိများပြီး ပရဟိတဆေးဆရာအဖြစ် ဆေးကုသနေကြတဲ့ ဦးထူးခန့်ကျော်၊ ဒေါ်ခင်စန်းရီ (ရွှေလက်) နဲ့ ဦးနေလင်းအောင်တို့ကို စိစစ်ဖို့ဆိုပြီး နေပြည်တော် လွှတ်တော်မှာနာမည်တပ် ဆွေးနွေးသွားတာဖြစ်ပါတယ်။
ဘားအံမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးသက်နိုင်ဦးတင်သွင်းတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုတွေကို လျှော့ချဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ပလူနာဌာနကြီးတွေ ဖွင့်ဖို့၊ ရောဂါကြီးတွေကို နိုင်ငံတကာအဆင့်မီ ကုသနိုင်အောင် ဇုန်အလိုက်အထူးကုဆေးရုံကြီးတွေ ဖွင့်ပေးဖို့ အဆိုကို ဦးဟံသာဝင်းကထောက်ခံဆွေးနွေးခဲ့ပါတယ်။
မနေ့ကလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပရဟိတဆေးဆရာတွေအကြောင်း သူကထည့်သွင်းဆွေးနွေးခဲ့တာပါ။
ပြည်သူတွေဟာ လူမှုကွန်ရက်ကတဆင့် တရားမဝင်ကုသမှုကြော်ငြာတွေကို အားကိုးနေရတယ်လို့ပြောရင်းလိုင်စင်ရှိ မရှိ၊ ဆေးဝါးကုသခွင့်ရှိ မရှိ၊ အထောက်အထားနဲ့ ဘေးကင်းရေးတွေကို သီးခြားစစ်ဆေးသွားဖို့ အရေးကြီးတဲ့အကြောင်းလည်း ဦးဟံသာဝင်းက လွှတ်တော်မှာဆွေးနွေးပါတယ်။
“ဦးထူးခန့်ကျော်၊ ဒေါ်ခင်စန်းရီ၊ ဦးနေလင်းအောင်တို့ဆိုရင် ဆေးကုခွင့်လိုင်စင် မရှိကြဘူး။ သူတို့ ဆရာဆိုတဲ့သူတွေကို လိုင်စင်ယူပြီးမှ သူတို့က လက်ထောက်အနေနဲ့ ရေမန်းနဲ့ကုတာ၊ ဆီမန်းနဲ့ကုတာ၊ လက်ဝါးစောင်း ခုတ်တာ၊ ဒူးနဲ့တိုက်တာတွေလုပ်တယ်။ ဒါတွေကို စိစစ်ဖို့ တင်ပြပါတယ်” လို့ ဦးဟံသာဝင်းက ပြောပါတယ်။
ဒီနာမည်ကျော်ပရဟိတဆေးဆရာတွေထဲက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဆေးခန်းဖွင့်လှစ်ပြီး လူနာတွေကို ခြေထောက်နဲ့ ကန်ပြီးကုသတဲ့ ဦးနေလင်းအောင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အာဏာပိုင်တွေရဲ့ စစ်ဆေးတာခံရပြီး ရပ်ကွက်ထဲက ဘုန်းကြီးကျောင်း၀င်းထဲ ဖွင့်ထားတဲ့ သူ့ဆေးခန်းလည်း ပိတ်လိုက်ရပါတယ်။
ရွှေလက် ဒေါ်ခင်စန်းရီကိုတော့ မနှစ်ကတည်းက တိုင်းရင်းဆေးကုခွင့်လက်မှတ်မရှိဘဲ ဆေးကုသတာကြောင့် အမှုဖွင့်တရားစွဲခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရပေမဲ့ အာမခံနဲ့ လွတ်မြောက်နေတယ်လို့ ကနဦးကတည်းက သိထားရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနနဲ့ပတ်သက်တဲ့အဆိုကို ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဆက်ဆွေးနွေးသွားဖို့ရှိပါတယ်။
မော်စကိုရဲ့ကာကွယ်ရေးပိုင်းအချက်အလက်တွေကို ဂျပန်အစိုးရအတွက် သူလျှိုလုပ် စုဆောင်းပေးခဲ့တယ်လို့ စွပ်စွဲပြီး ဂျပန်သတင်းထောက်တစ်ဦးကို ရုရှားအာဏာပိုင်တွေက စွဲချက်တင်လိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ ဟော့ကိုင်းဒို ရှင်ဘွန်း သတင်းစာက ယူကီအိမိုင်ဆိုသူ သတင်းထောက်ဖြစ်တယ်လို့ ရုရှားဘက်ကပြောပြီး သူဟာ ရုရှားအရှေ့ဖျားဒေသ ဆာခါလင်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
သူဟာ ရုရှားနိုင်ငံကနေ ပြန်ထွက်ခွာဖို့ စီစဉ်ထားတဲ့ရက် မတိုင်ခင် တစ်ရက်အလိုမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုဟာ ဩဂုတ်လအတွင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဂျပန်နဲ့ ရုရှား နှစ်နိုင်ငံစလုံး ပိုင်ဆိုင်ခွင့် တောင်းဆိုနေကြတဲ့ ခူရီးလ်ကျွန်းစု(Kuril Islands) ကို သွားရောက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ဂျပန်အစိုးရကတော့ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်မှတ်ချက်မပေးသေးပါဘူး။
ဒါပေမဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက “ဖြစ်စဉ်အမှန်ကို စစ်ဆေးနေပြီး အခြေအနေကို အတည်ပြုပြီးတဲ့နောက် သင့်လျော်သလို ဆောင်ရွက်သွားမယ်” လို့ အင်္ဂါနေ့မှာ ပြောပါတယ်။
အိမိုင်ဟာ “ဂျပန်နိုင်ငံရဲ့ထောက်လှမ်းရေးအဖွဲ့ရဲ့ညွှန်ကြားချက်နဲ့လှုပ်ရှားခဲ့ပြီး” ခူရီးလ်ကျွန်းစုမှာ ဆောင်ရွက်နေတဲ့ရုရှားရဲ့“အထူးစစ်ဆင်ရေး”နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအကြောင်း သတင်းအချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ အာဏာပိုင်တွေက စွပ်စွဲထားတဲ့အကြောင်း ရုရှားအစိုးရပိုင် TASS သတင်းဌာနက ဖော်ပြပါတယ်။
ခူရီးလ်ကျွန်းစုတွေဟာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းနဲ့ ရုရှားနိုင်ငံ ကမ်ချတ်ကာ ကျွန်းဆွယ်ကြားမှာ တည်ရှိပါတယ်။ လက်ရှိမှာ ရုရှားက စီမံအုပ်ချုပ်နေပြီး တောင်ဘက်အကျဆုံး ကျွန်း ၄ ကျွန်းကိုတော့ ဂျပန်က သူတို့ပိုင်တယ်လို့ပြောပြီး “မြောက်ပိုင်းနယ်မြေများ (Northern Territories)” လို့ ခေါ်ပါတယ်။
ရုရှားသတင်းဌာန Interfax ရဲ့ဖော်ပြချက်အရ ဂျပန်သတင်းထောက် အိမိုင်ကို မော်စကိုမြို့ကို ခေါ်ဆောင်သွားပြီး တရားစွဲဆိုတာ မစတင်ခင် ဒီဇင်ဘာ ၁၂ ရက်အထိ ချုပ်နှောင်ထားမယ် လို့ သိရပါတယ်။
ရုရှားမှာ သူသျှိုလုပ်တယ်လို့ ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် အနှစ် ၂၀ ကျော်အထိ ချမှတ်ခံရနိုင်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတာ ၁၁ နှစ်ပြည့်အခမ်းအနားကို နေပြည်တော်မှာ မနက်ဖြန် ကျင်းပဖို့ရှိနေပြီး အပစ်ရပ်အဖွဲ့တွေအပြင် အပစ်မရပ်ထားတဲ့အဖွဲ့တချို့ပါ ပွဲတက်ဖို့ ရှိနေတယ်လို့ သတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်လို့ ၁၁ နှစ်ပြည့်အခမ်းအနားအပြင် လာမယ့် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ငြိမ်းချမ်းရေး ဖိုရမ်တွေပါ ဆက်ကျင်းပဖို့ ရှိနေပါတယ်။
“စကားဝိုင်းဆွေးနွေးပွဲ သုံးခုလောက် လုပ်မယ်။ ဒီပွဲကို 7EAOs အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ လာမယ်။” လို့ နိုင်ငံရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
NCA လက်မှတ်ရေးထိုးရမှာပါဝင်ခဲ့သလို ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA နှစ်ပတ်လည် အခမ်းအနားတွေကို နှစ်စဉ်လိုလို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုးလည်း ဒီနှစ် တက်ဖို့ ရှိနေပါတယ်။
နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ အပစ်မရပ်ထားပေမဲ့ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ(UWSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့လည်း ဧည့်သည်အနေနဲ့ နေပြည်တော်လာဖို့ ရှိတယ်လို့ သိရပါတယ်။
‘ဝ’ ဘက်က NCA တက်ဖို့ရှိ၊ မရှိနဲ့ပတ်သက်လို့ UWSA ရဲ့ဆက်ဆံရေးအရာရှိ ဦးညီရမ်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
“ကျွန်တော်တို့ကတော့ နေပြည်တော် သွားနေတုန်းပဲ။ တစ်ဖွဲ့ချင်းစီ ဖိတ်တာဆိုတော့ ဘယ်အဖွဲ့တွေ နေပြည်တော်ရောက်ပြီလည်းဆိုတာ မသိသေးဘူး” လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
မနက်ဖြန်လုပ်မယ့်ပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)နဲ့ဖွဲ့စည်းထားတဲ့ အပစ်ရပ် 7EAOs အဖွဲ့ဝင်တွေ တက်ရောက်ဖို့ရှိနေပါတယ်။
နေပြည်တော်ဟာ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်တာနဲ့ ဆွေးနွေးတာတွေ ပြုလုပ်နေပေမဲ့ ပြည်တွင်းမှာ အရပ်သားသေဆုံးမှုများတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို ၀ေဖန်နေကြတာလည်း ရှိနေပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ မှာ အဆုတ်ကင်ဆာရောဂါရှိနေတယ်လို့ တွေ့ရှိခဲ့ပေမဲ့ ညာဘက်အဆုတ်အောက်ပိုင်းကို ဖယ်ရှားတဲ့ခွဲစိတ်ကုသမှုကတော့ အောင်အောင်မြင်မြင်နဲ့ပြီးစီးခဲ့တယ်လို့ ဗာတီကန်က ထုတ်ပြန်ပါတယ်။
အသက် ၇၁ နှစ်ရှိတဲ့ပုပ်ရဟန်းမင်းကြီးဟာ အင်္ဂါနေ့က ရောမမြို့က ဂျမ်မဲလီဆေးရုံမှာ မိနစ် ၉၀ ကြာခွဲစိတ်ကုသမှု ခံယူခဲ့ပြီး အဲဒီနောက် အဆုတ် Adenocarcinoma လို့ခေါ်တဲ့ ရောဂါရှိနေကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။
"ခွဲစိတ်မှုက အောင်မြင်ခဲ့ပြီး နောက်ဆက်တွဲ စိုးရိမ်စရာမရှိပါဘူး'' လို့ ဗာတီကန်က ပြောပါတယ်။
"ခွဲစိတ်မှုအပြီးမှာ ပုပ်ရဟန်းမင်းကြီးဟာ ပုံမှန်အတိုင်း ပြန်လည်သတိရရှိပြီးတဲ့နောက် အခုတော့ အနားယူနေပြီ" လို့လည်း ဆိုပါတယ်။
အကျိတ်ကိုတော့ ဗာတီကန်က "ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ" ပြုလုပ်နေစဉ်အတွင်း တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဆေးရုံမှာ တစ်ပတ်ခန့် ဆက်လက် ကုသမှုခံယူရမယ်လို့နားလည်ရပါတယ်။
ဒီမတိုင်ခင်မှာတော့ လူအများအပြားဟာ ဆေးရုံအပြင်ဘက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းပြီး ပုပ်ရဟန်းမင်းကြီးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
သူ စီးလာတဲ့ကား ဖြတ်သန်းသွားချိန်မှာ လူအုပ်ကြီးက ဆုတောင်းစကားတွေနဲ့ အားပေးခဲ့ကြပြီး ပုပ်ရဟန်းမင်းကြီးကလည်း ကားနောက်ဘက် ပြတင်းပေါက်ကိုချပြီး လက်ဝှေ့ယမ်းကာ အပြုံးနဲ့ တုံ့ပြန်ခဲ့ပါတယ်။
ဗာတီကန်ရဲ့ထုတ်ပြန်ချက်အရ ခွဲစိတ်ကုသမှုကို ကင်ဆာဆဲလ်တွေ အပြည့်အဝ ဖယ်ရှားနိုင်ဖို့ သေချာအောင် လုပ်ဆောင်တဲ့အနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ညာဘက်အဆုတ် အောက်ပိုင်းတစ်ခုလုံးကို ဖယ်ရှားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ပခမ်းရပ်ကွက်မှာရှိတဲ့ ကမ်းနားကြီးပွဲရုံတန်း ဒီနေ့ မနက် ၄ နာရီခန့်မှာ မီးလောင်ကျွမ်းခဲ့လို့ နှစ်နာရီနီးပါးကြာအောင် မီးငြှိမ်းခဲ့ရကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကမ်းနားကြီးပွဲရုံတန်းမှာရှိတဲ့ ပြည့်စုံဖြိုးဆန်စပါးပွဲရုံမှာ မီးလောင်ခဲ့တာလို့ ဒီနေ့ မနက်ပိုင်းမှာ မီးသတ်က ထုတ်ပြန်ထားတာပါ။
“ပွဲရုံတန်းရဲ့လမ်းဘက်ကို လှည့်တဲ့အခြမ်းက ပွဲရုံနဲ့ ဆိုင်ခန်းအများစု ပါသွားတယ်။ ပီပါတွေ ထပေါက်တာတွေလည်း ရှိတယ်၊ မီး များတယ်။ လူနေရပ်ကွက်ဘက်တော့ မီးမကူးခဲ့ဘူး” လို့ ဟင်္သာတခရိုင်ကွန်ရက်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
နောက်ထပ်ဟင်္သာတမြို့ခံတစ်ဦးရဲ့အပြောအရ ဆန်၊ ငရုတ်သီး၊ ဓာတ်မြေသြဇာစတဲ့ ကုန်ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေအပြင် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်လို ဆိုင်ခန်းတွေပါ မီးလောင်တဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။
“ဆိုင်ခန်းက ၁၅ ခန်းကနေ အခန်း ၂၀ လောက်ပါသွားတယ်” လို့ ဟင်္သာတမြို့ခံက ဆက်ပြောပါတယ်။
ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူးကတော့ ပွဲရုံတန်းမီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးတန်ဖိုးကို တွက်ချက်နေတုန်းလို့ ဒီနေ့ မနက် ၁၀ နာရီခန့်မှာ ဘီဘီစီကို ဖြေကြားထားပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CPC)ရဲ့ နိုင်ငံတကာရေးရာညွှန်ကြားရေးမှူးချုပ် ပန်ရှူဘင်နဲ့ နိုင်ငံရေးပါတီ ၉ ခုက ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ မနေ့တုန်းက တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့သူတွေဆီက သိရပါတယ်။
“ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့တွေ၊ ငြိမ်းချမ်းရေးကိစ္စတွေ၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖို့တွေ ဆွေးနွေးကြတာပါ” လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးဖေသက်က ပြောပါတယ်။
CPC ညွှန်ကြားရေးမှူးချုပ်နဲ့ အခုနှစ်ထဲ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေကြတာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) (SNDP)၊ ရခိုင့်ဦးဆောင်ပါတီ (ANP) ၊ ကရင်ပြည်သူ့ပါတီ ၊ ညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီတွေက ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
ဒါအပြင် ပါတီဖျက်သိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့က ခေါင်းဆောင်တချို့ပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စီးပွားရေးဆိုင်ရာ ပို့ကုန်သွင်းကုန်မူဝါဒ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တရုတ်ဘက်က မြန်မာအစိုးရကို ပြောသင့်ကြောင်း မနေ့က ဆွေးနွေးပွဲမှာပြောခဲ့တယ်လို့ NDF ပါတီ တွဲဖက်ဥက္ကဋ္ဌ ဦးထက်အောင်ကျော်က ပြောပါတယ်။
“ကျွန်တော်ကတော့ ပြည်သူတွေစားဝတ်နေရေး ခက်ခဲနေတာကို ပြောဖြစ်တယ်။ မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေလာဖို့ခေါ်နေပေမဲ့ စီးပွားရေး ပေါ်လစီပြင်ဖို့ လိုနေတာလေ။ သူတို့ဘက်ကလည်း ဒါကို လက်ခံတယ်” လို့ ဦးထက်အောင်ကျော်က ဆက်ပြောပါတယ်။
CPC ဘက်ကတော့ တရုတ် - မြန်မာဆက်ဆံရေးပိုကောင်းအောင်ဘယ်လိုလုပ်သင့်လဲဆိုတာကို မြန်မာနိုင်ငံရေးပါတီတွေနဲ့ဆွေးနွေးခဲ့တယ်လို့ တက်ရောက်သူတွေဆီက သိရပါတယ်။
မြန်မာက နိုင်ငံရေးပါတီတွေကို တရုတ်နိုင်ငံဆီဖိတ်ခေါ်ပြီး CPC နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ရှိခဲ့သလို ၂၀၂၁ ခုနှစ်နောက်ပိုင်း ညွှန်ကြားရေးမှူးချုပ် ပန်ရှူဘင်နဲ့ ပါတီတွေ တွေ့ဆုံမှု ၃ ကြိမ်ထက်မနည်းရှိထားပါတယ်။
အာဆီယံနဲ့ဆက်ဆံရေးကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ဆိုပြီး အာဆီယံရေးရာကော်မတီဖွဲ့စည်းလိုက်တာကို နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ဒီကော်မတီအနေနဲ့ လက်ရှိနေပြည်တော်အစိုးရနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံပြီး အာဆီယံအတွင်း မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ မြန်မာက ဦးဆောင်တဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ကော်မတီအနေနဲ့ အာဆီယံနဲ့ ပုံမှန်ထိတွေ့ဆက်ဆံနေတဲ့လမ်းကြောင်းအပြင် အာဆီယံနဲ့ ဆက်သွယ်ဆောင်ရွက်မယ့် ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့လို နိုင်ငံကြားရေး၀န်ကြီး ဦးတင်မောင်ဆွေက နေပြည်တော်မှာ မနေ့က လုပ်တဲ့ အဲဒီကော်မတီရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးမှာပြောပါတယ်။
အဲဒီအဖွဲ့မှာ ဦးတင်မောင်ဆွေက ဥက္ကဋ္ဌဖြစ်ပြီး ဒုဝန်ကြီးအပြင် သမ္မတရုံး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြန်ကြားရေးနဲ့ လူကယ်ပြန်စတဲ့ဝန်ကြီးဌာနတွေ ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။
လက်ရှိမှာ အာဆီယံနဲ့ဆက်ဆံရာမှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး ထိတွေ့ဆက်ဆံနေတယ်လို့လည်း ဦးတင်မောင်ဆွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံက မြန်မာအပေါ် ခွဲခြားဆက်ဆံမှုတွေရှိခဲ့တယ်လို့ သူက ပြောပြီး မြန်မာအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အရင်စစ်ကောင်စီရဲ့ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့အညီ အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို မထိခိုက်စေဖို့လည်း လုပ်ဆောင်ခဲ့တယ်လို့ သူက ထည့်ပြောပါတယ်။
နေပြည်တော်နဲ့ အာဆီယံ အဖွဲ့၀င်နိုင်ငံတွေကြား တစ်နိုင်ငံချင်းစီ ထိတွေ့ဆက်ဆံမှု စိပ်လာချိန်မှာ အခုကော်မတီ အစည်းအ၀ေး ထွက်လာတာပါ။
တဖက်မှာလည်း မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် အဲဒီနှစ် ဧပြီလ နောက်ပိုင်းကတည်းက အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ အဖွဲ့၀င်နိုင်ငံတွေဆီ အခုလတွေအတွင်း ခရီးဆက်ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ မလေးရှားကို သွားခဲ့ပြီး အဲဒီခရီးမတိုင်ခင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့ကိုလည်း ခရီးသွားထားပါတယ်။
ဒါအပြင် နေပြည်တော် နိုင်ငံခြားရေးဟာ အာဆီယံကို အကြီးတန်းအရာရှိကြီးအသစ်တွေကို မကြာသေးခင်ကပဲ စေလွှတ်ထားပါတယ်။
နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်( KIA ) အနေနဲ့ နေပြည်တော်၊ မြစ်ကြီးနားစတဲ့ နိုင်ငံတွင်းမှာမဟုတ်ဘဲ တရုတ်ဘက်ခြမ်း ရွှေလီမှာသာတွေ့ဆုံနိုင်တယ်လို့ KIA ဘက်က အကြောင်းပြန်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ဆီက ဘီဘီစီက သိရှိရပါတယ်။
စက်တင်ဘာပထမပတ်က ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ)နဲ့ တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ကဖိတ်ကြားထားချက်ကို KIA ဘက်က အဲဒီလို တုံ့ပြန်ထားတာလို့ သိရပါတယ်။
နေပြည်တော်အစိုးရနဲ့ စစ်တပ်ဘက်ကတော့ ဒီတုံ့ပြန်ချက်ကို အောက်တိုဘာ ပထမပတ်အထိမှတ်ချက်တစုံတရာ အကြောင်းပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့လို့ သိကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က စက်တင်ဘာ ၄ ရက် ရက်စွဲနဲ့ KIA/KIO ကို တရားဝင်စာပေးပို့တာလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က အစောပိုင်းကပြောထားပါတယ်။
အဲဒီမှာ ကမ်းလှမ်းချက် အချက် ၂ ချက်ပါပြီး ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မရှိဘူးဆိုတာနဲ့ နေပြည်တော်မှာ နှစ်ဖက် တွေ့ဆုံနိုင်ဖို့ ဖိတ်ခေါ်ထားတာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
" အဲဒီလထဲပဲ အကြောင်းပြန်လာတာလို့ သိရပါတယ်။ KIA ဘက်က တရုတ်ဘက်မှာတွေ့မယ်ဆိုတွေ့ပေါ့။ စစ်တပ်ဘက်က တရုတ်ဘက်အထိလိုက်တွေ့ဖို့တော့ ဆန္ဒရှိပုံမရဘူး" လို့ ဒီအခြေအနေကိုသိရှိထားတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကတော့ '' နေပြည်တော်မှာ မတွေ့ဘူးလို့ စာပြန်ထားတာတော့သိရပါတယ်။ဒါပေမဲ့ စစ်တပ်ဘက်က အကြောင်းပြန်လာတယ်ဆိုတဲ့ သတင်းကတော့ မကြားမိပါဘူး။ ဒါပေမဲ့ တကယ်လို့များ ကျွန်တော်တို့ဆီကို စာပြန်ရင်တော့ ကျွန်တော်တို့ ကြားလောက်ပါတယ်။ ဒါပေမဲ့ အခုထက်ထိကတော့ မကြားဘူး။ စာလည်းပြန်မလာလောက်ဘူးလို့ထင်ပါတယ်'' လို့ ပြောပါတယ်။
ဒါပေမဲ့ တရုတ်ဘက်မှာတွေ့မယ်ဆိုရင် တွေ့နိုင်ကြောင်းအကြောင်းပြန်ထားတယ်ဆိုတဲ့ အပေါ် မှာတော့ သူ့အနေနဲ့ ဗဟိုကော်မတီဘက်နဲ့ တရုတ်ဘက်က ပြောဆိုချက်တွေကို မသိရှိထားဘူးလို့ဆိုပါတယ်။
'' ဗဟိုကော်မတီဘက်က ဘယ်လိုအကြောင်းပြန်တယ်၊ တရုတ်ပြည်ဘက်က ဘယ်လိုပြောတယ်ဆိုတဲ့ တိတိကျကျကတော့ ကျွန်တော်လည်း မသိဘူးပေါ့ '' လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။
အခုနေပြည်တော်ရဲ့ကမ်းလှမ်းမှုဟာ စစ်ကောင်စီ ကနေ အရပ်ဘက်အသွင်ပြောင်းပြီး သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့အစိုးရကာလ ၆ လအတွင်း KIA နဲ့ အတူအခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ပထမဆုံးအကြိမ် တရားဝင်ဖိတ်ခေါ် ချက်ဖြစ်ခဲ့တယ်လို့ နားလည်ရပါတယ်။
ဒီအခြေအနေတွေအပါအဝင်ဖိတ်ခေါ် ချက်တွေနဲ့ ပတ်သက်ပြီး နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC)ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မြေပြင်မှာတော့ ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်တပ်နဲ့ ကေအိုင်အေတို့ရဲ့တိုက်ပွဲ ၂ နှစ်နီးပါးကြာလာပြီး အဲဒီမှာ စစ်တပ်က အင်အားဖြည့်တင်းတာ၊လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲတွေဆက်ရှိနေပါတယ်။
လက်ရှိမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဟာ တော်လှန်ရေးအင်အားစုတွေရဲ့"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" မှာ ပါဝင်နေပါတယ်။
ကေအိုင်အေ ဟာ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ အဲဒီအချိန်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာအောင် သေနတ်သံတွေ တိတ်ခဲ့ပေမဲ့ ဒီမိုကရေစီအကူးအပြောင်းကာလ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ တကျော့ပြန် ကချင်စစ်ပွဲတွေ ပြန်စခဲ့ပါတယ်။
ကေအိုင်အေရဲ့ နိုင်ငံရေးအဖွဲ့ ကေအိုင်အိုဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို စတင်ရေးဆွဲစဉ်က ဦးဆောင်ပါဝင်ခဲ့ပေမဲ့ ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးတဲ့အခါမှာ မပါဝင်ခဲ့ပါဘူး။
မင်္ဂလာပါ။
အောက်တိုဘာလ ၁၄ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။